သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊  နှစ်သစ်ကူး မဟာသင်္ကြန်အကြို ပျော်ပွဲရွှင်ပွဲနှင့် စတုဒိသာကျွေးမွေးဧည့်ခံပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဧပြီလ    ရက်နေ့ ညနေပိုင်းက အဆိုပါ ဝန်ကြီးဌာန မြက်ခင်းပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာ သင်္ကြန်ပွဲတော်သည် အေဒီ ၁၁ ရာစု မှ အေဒီ ၁၃ ရာစု တွင် ထွန်းကားခဲ့သည့် ပုဂံခေတ်မှစ၍ ယနေ့ခေတ်အထိ လူမျိုးဘာသာမရွေး တိုင်းရင်းသားအားလုံး ပါဝင်ဆင်နွှဲကြသည့် နှစ်သစ်ကူး ရေပက်ကစားကြသော ရိုးရာပွဲတော် ဖြစ်ပါကြောင်း၊ ယနေ့ ကျင်းပသော အခမ်းအနားသည် မြန်မာ့ရိုးရာဓလေ့ကို ဖော်ကျူးရုံသာမက ဝန်ကြီးဌာနရှိ ဝန်ထမ်းများအနေဖြင့် အလုပ်တာဝန် ထမ်းဆောင်ချိန်တွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ အားထုတ်ကြိုးပမ်း ထမ်းဆောင်ခဲ့ကြသကဲ့သို့ မြန်မာ့ ရိုးရာနှစ်သစ်ကူး ရုံးပိတ်ရက် အခါသမယ ရောက်ရှိတော့မည့်အချိန်မှာလည်း စိတ်လက်အပန်းပြေစွာ နှစ်သစ်အခါသမယကို ကြိုဆိုကြမယ်ဆိုတဲ့ ရည်ရွယ်ချက်ကောင်းဖြင့် ကျင်းပပေးခြင်းပဲဖြစ်ကြောင်း၊ နှစ်သစ်ကို ကြိုဆိုပြီး အားသစ်မာန်သစ်ဖြင့် နိုင်ငံတော်၏ အနာဂတ်အတွက် ဝိုင်းဝန်းပြီး ဆောင်ရွက် နိုင်ကြစေရန်အတွက် သင်္ကြန်ပွဲတော်နှင့် နှစ်သစ်အခါသယမကို ကြိုဆိုကြရမည့် အချိန်ကာလဖြစ်ပါ ကြောင်း၊ နှစ်သစ်ကူးရုံးပိတ်ရက်အချိန်ကာလတွင် မိမိတို့မိသားစုနှင့်အတူ ကုသိုလ်ရေးလည်း ပြုလုပ် အနားယူအပန်းဖြေရင်း လာမည့် နှစ်သစ်အခါသမယမှာ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နှစ်သစ်ကို ကြိုဆိုရင်းဖြင့် နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုများကို ဘက်စုံထောင့်စုံက ရရှိအောင် နိုင်ငံ့တာဝန်များကို ဝိုင်းဝန်းထမ်းဆောင်သွားကြရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ပြည်ထောင်စုဝန်ကြီးရုံး၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနတို့၏ မဏ္ဍပ် များမှ မြန်မာ့ရိုးရာအစားအစာများ ဖြစ်ကြသော မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ ရခိုင်မုန့်တီနှင့် ကျောက်ကျောမဲဖျော်ရည်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ပြီး ဝန်ကြီးဌာန၏ သင်္ကြန်ယိမ်းပျိုမယ်လေး များက မြန်မာ့ရိုးရာသင်္ကြန်အကဖြင့် ကပြဖျော်ဖြေခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားသို့ အထူးဖိတ်ကြားထားသည့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ တာဝန်ရှိသူများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် လက်ထောက်အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း / အမှုထမ်းများ အပါအဝင် စုစုပေါင်းဝန်ထမ်းအင်အား (၁၀၀) ကျော် ပါဝင်ဆင်နွှဲခဲ့ကြပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ နှစ်သစ်ကူးမဟာသင်္ကြန် အကြို ပျော်ပွဲရွှင်ပွဲနှင့် စတုဒိသာကျွေးမွေးဧည့်ခံပွဲ အခမ်းအနားတွင် ဝန်ကြီးဌာနရှိ ဝန်ထမ်းများ အားလုံးက သင်္ကြန်သီချင်းများသီဆိုကာ ပျော်ရွှင်စွာရေပက်ကစားကြပြီး ပါဝင် ဆင်နွှဲခဲ့ကြပါသည်။