သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၁၁) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကား ပြောကြားခဲ့ ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အသိ ပညာမျှဝေဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညျွန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဝဏ္ဏအောင်က “ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းစဉ်မျာအပေါ် လေ့လာသုံးသပ် ဆွေးနွေး ခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လုပ်ငန်းစဉ်များသည် ဝန်ကြီးဌာနရှိ ဦးစီးဌာန (၂) ခုလုံးနှင့် သက်ဆိုင်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စေ့စပ်ညှိနှိုင်း ဆောင်ရွက်ခြင်း (Investment Negotiation) များကို သိရှိဆောင်ရွက်ရမည့်အပြင် ရင်းနှီးမြှုပ်နှံမှုများ နှင့်ပက်သတ်၍ တိုးချဲ့ဆောင်ရွက်သွားရမည့်အပိုင်းကိုလည်း သိရှိနားလည်ထားရန်လိုအပ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုတွင် နိုင်ငံ၊ လုပ်ငန်း၊ ကုမ္ပဏီများတွင် လာရောက် ရင်းနှီးမြှုပ်နှံမှုများက ပို၍အရေးကြီး ပါကြောင်း၊ ယနေ့ကမ္ဘာပေါ်တွင် ခေတ်စားလာသည့် လုပ်ငန်းမှာ နိုင်ငံတကာ  ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင် ဆောင်ရွက်သည့် လုပ်ငန်းများဖြစ်ပါကြောင်း၊   ရင်းနှီးမြှုပ်နှံမှုတွင် အဓိကအားဖြင့် ပြည်တွင်းနေထိုင်သူများမှ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံခြားသား လာရောက်ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားသားနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများဖြင့် ဖက်စပ်ရင်းနှီးမြှုပ်နှံမှုပုံစံများရှိပါကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များတွင် ချေးငွေကိစ္စများပါဝင်သဖြင့် ချေးငွေထောင်ချောက်အတွင်းမကျရောက်စေရန် ဂရုပြုရန် လိုကြောင်း ပြောကြားပါသည်။

ဆွေးနွေးပွဲအခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုူနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာဝဏ္ဏအောင် က“ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းစဉ်မျာအပေါ် လေ့လာသုံးသပ် ဆွေးနွေး ခြင်း” ခေါင်းစဉ်ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသူများက ပြန်လည်မေးမြန်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ ကြပါသည်။ အခမ်းအနားသို့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ အဆင့်မြင့်အရာရှိများနှင့် အရာထမ်း / အမှုထမ်းများ Online အပါအဝင် စုစုပေါင်း ဝန်ထမ်းအင်အား (၁၀၀) ကျော် တက်ရောက်ကြပါသည်။