သတင်းများ

အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီများနှင့် (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်   ဦးဆောင်၍  ယနေ့ ၁၃:၀၀ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်() နေပြည်တော်၌  ကျင်းပသည်။ အစည်းအဝေးသို့ လုပ်ငန်းကော်မတီ (၂၂) ခုမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ စုစုပေါင်း (၆၀) ဉီးခန့် တက်ရောက်သည်။

အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေး ပိုမိုကောင်းမွန် လာစေရေးအတွက် ကမ္ဘာ့စီးပွားရေး၊ ဒေသတွင်း စီးပွားရေးတို့နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊ မြန်မာနိုင်ငံအနေဖြင့်  ၂၀၂၂ ခုနှစ်အတွင်းဆောင်ရွက်ခဲ့သည့် အေအီးစီ လုပ်ငန်းများ အကောင် အထည်ဖော်မှု နှင့် ၂၀၂၃ ခုနှစ် အတွင်း ဆောင်ရွက်ရန်လုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန်အတွက် အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြား သည်။

၂၀၂၃ ခုနှစ် အာဆီယံက ဦးစားပေး ဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းခေါင်းစဉ် (၁၆) ခုနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် ယင်းလုပ်ငန်းများသည် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး အတွက်ပါ ကိုဗစ်-၁၉ အလွန် ဈေးကွက် ပြန်လည်ချိတ်ဆက်နိုင်မည့် အရေးကြီးသည့် လုပ်ငန်းများဖြစ်ကြောင်း၊ ဒေသတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းများလည်း ပါဝင်ကြောင်း၊  တချို့ လုပ်ငန်းများသည် ကဏ္ဍအချင်းချင်း ပူးပေါင်း ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်၍ အားလုံး ပါဝင်ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ကြောင်း၊ အေအီးစီအနေဖြင့် ယခုနှစ်တွင် နှစ်အလိုက် အကောင်အထည် ဖော်ရန် အတွက်လည်း လုပ်ငန်း (၁၁၈) ခုကို ချမှတ်ထားကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံက အေအီးစီ လုပ်ငန်းများ အကောင်အထည် ဖော်ရာတွင် အခြားအာဆီယံ နိုင်ငံများနှင့်အတူ ဆောင်ရွက်နိုင်သည်ကို တွေ့ရကြောင်း၊ အာဆီယံအနေဖြင့် တစ်ခုတည်းသော စျေးကွက်နှင့် ထုတ်လုပ်မှု အခြေခံဒေသကို အကောင် အထည်ဖော်ရာတွင် ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအပါအဝင် ကဏ္ဍအလိုက် မိမိတို့ နိုင်ငံအနေဖြင့် ဆောင်ရွက်နိုင်မှု အခြေအနေကို ပြန်လည်လေ့လာ၍ လက်ရှိနိုင်ငံ၏ မူဝါဒနှင့်အညီ အကောင်အထည် ဖော်မှုများကို ဆောင်ရွက်ရန် လိုအပ်ကြောင်း၊  ဆောင်ရွက်သည့် လုပ်ငန်းများသည် လက်တွေ့ ကျကျ အကောင်အထည်ဖော်ရန် ဖြစ်ကြောင်း၊ အကောင်အထည်ဖော်ရန် ကျန်ရှိသည့် လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုများ အကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်ကိုလည်း ပိုမိုရရှိမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိက ၂၀၂၂  ခုနှစ် အတွင်း အေအီးစီ လုပ်ငန်းများ အကောင်အထည် ဖော်ပြီးစီးမှုအခြေအနေ နှင့် ၂၀၂၃ ခုနှစ်အတွင်း ‌ဆောင်ရွက်မည့် လုပ်ငန်းများအခြေအနေ တို့ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက လုပ်ငန်းကော်မတီ အလိုက် ၂၀၂၃ ခုနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြခဲ့သည်။

ထို့သို့တင်ပြရာတွင် လုပ်ငန်းကော်မတီများက   မြန်မာနိုင်ငံနှင့် ကျန်အာဆီယံနိုင်ငံများ အကြား အခွန် နှစ်ထပ် မကျခံစေရေးအတွက် ဆောင်ရွက်မှုများ၊ ဒေသတွင်း အခွန်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ကောင်းမွန်‌သော စီမံမှုလုပ်ထုံးလုပ်နည်းများ ကျင့်သုံးနိုင်ရေးအတွက် လုပ်ငန်းအဖွဲ့ဖွဲ့စည်း၍ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင်နှင့် သတ္တုဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုများ၊ စားနပ်ရိက္ခာ လုံခြုံရေးအတွက် ဒေသတွင်း ဆောင်ရွက်နေသည့် ပူးပေါင်းဆောင်ရွက်မှု၊ အကောင်အထည်ဖော်မှုနှင့် အပြန်အလှန်နားလည်မှု စာလွှာအရ အာဆီယံဒေသတွင်း ကျွမ်းကျင်လုပ်သားများ သွားလာလုပ်ကိုင်နိုင်ရေးကိစ္စ္စများကို ရှင်းလင်း တင်ပြကြသည်။

ဆက်လက်၍ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှု ကဏ္ဍများတွင် ဖြေလျှော့မှုများအတွက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ၊   အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်၊  ပုဂ္ဂလိက အခန်းကဏ္ဍ ၊ ငွေရေးကြေးရေး ကဏ္ဍ၊  ဒီဂျစ်တယ်နည်းပညာ၊ စားသုံးသူရေးရာ၊  ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး အစီအစဉ်၊ စာရင်းအင်း၊  အငယ်စား၊ အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ၊    အခြေခံအဆောက်အဦဆိုင်ရာ လုပ်ငန်းများ၊  စွမ်းအင် ကဏ္ဍဆိုင်ရာ စသည့် ဒေသတွင်း ပူးပေါင်း‌ဆောင်ရွက်မှု လုပ်ငန်းများကို ရှင်းလင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး နိုင်ငံတော်၏ အမျိုးသား အကျိုး စီးပွားကို အလေးထား၍ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်သွားရန် ပြောကြားသည်။

အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီကို မြန်မာနိုင်ငံအနေဖြင့် အေအီးစီ လုပ်ငန်းများ အကောင်အထည်ဖော်မှုများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ (၂၂) ခုဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ အဆိုပါလုပ်ငန်းကော်မတီများ၏ ဥက္ကဋ္ဌများအဖြစ် ဒုတိယဝန်ကြီး နှင့် အမြဲတမ်းအတွင်းဝန်များက လည်းကောင်း၊ အတွင်းရေးမှူးများအဖြစ် ညွှန်ကြားရေးမှူး ချုပ်များက လည်းကောင်း၊  သက်ဆိုင်ရာဌာနများက အဖွဲ့ဝင်များအဖြစ် လည်းကောင်း ပါဝင် ဆောင်ရွက်လျက်ရှိသည်။