သတင်းများ

အာဆီယံ - ဂျပန်ဗဟိုဌာန၏ ရန်ပုံငွေ (၂၀၂၃) ဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း အဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်သည့် “မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် အစားအစာကဏ္ဍနှင့် လျှပ်စစ်သုံးယာဉ်ကဏ္ဍများအတွက် အထောက်အကူပြု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆွေးနွေးပွဲ - ဂျပန်နိုင်ငံ၏ အတွေ့အကြုံများကို လေ့လာ ခြင်း” ၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် နေပြည်တော်၊ Grand Amara Hotel Hybrid ပုံစံဖြင့် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် အာဆီယံ - ဂျပန်ဗဟို ဌာန၏ အထွေထွေအတွင်းရေးမှူးချုပ်ကိုယ်စား Programme Coordinator ဖြစ်သူ Dr. Nguyen Tuan Anh တို့က အဖွင့်အမှာစကားအသီးသီး ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံ၏ အရေးကြီးသည့်ကဏ္ဍများဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍနှင့် အစားအစာ ကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ လူမှုပတ်ဝန်းကျင်အပေါ် ထိခိုက်မှုနည်းပါး၍ သဘာဝ ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်သည့် လျှပ်စစ်သုံးယာဉ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ယင်း ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးပွားဝင်ရောက်လာစေရေးတို့အတွက် အဆိုပါကဏ္ဍများ နှင့်စပ်လျဉ်း၍ ဂျပန်နိုင်ငံ၏ အတွေ့အကြုံများကို နမူနာယူဆောင်ရွက်ရန် ရည်ရွယ်၍ ယခု ဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ပါသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ဆွေးနွေးပွဲကို အပိုင်း ၂ ပိုင်းဖြင့် ဆက်လက်ကျင်းပရာ ဆွေးနွေးပွဲပထမပိုင်းတွင် စိုက်ပျိုးရေးနှင့် အစားအစာကဏ္ဍနှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် ဂျပန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်တို့က အသီးသီး ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။ ယင်းနောက် “ရေရှည်တည်တံ့သည့် ခေတ်မီစိုက်ပျိုးရေးနှင့် အစားအစာ စနစ်များဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ” ကို ဆက်လက်ဆောင်ရွက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲဒုတိယပိုင်းဖြစ်သည့် လျှပ်စစ်သုံးယာဉ်ကဏ္ဍနှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် ဂျပန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ကျွမ်းကျင်ပညာရှင်များက အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ “လျှပ်စစ်သုံးယာဉ်နှင့် လျှပ်စစ်သုံးယာဉ် ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများနှင့်စပ်လျဉ်းသည့် စီးပွားရေးအခွင့်အလမ်းများကို နားလည် စေခြင်းဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ” ကို ပြုလုပ်ဆွေးနွေးခဲ့ကြပါသည်။

ယခုဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်းဖြင့် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား အစိုးရကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍမှ ပါဝင်ပတ်သက်သူများ၏ ခိုင်မာစွာလက်တွဲပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပေါင်းစပ်လုပ်ကိုင်ခြင်းမှတစ်ဆင့် မြန်မာနိုင်ငံရှိ အစားအစာနှင့် စိုက်ပျိုးရေးကဏ္ဍနှင့် လျှပ်စစ်သုံး ယာဉ်ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် အနာဂတ်လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ အတွက် အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်၍ င်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများ၊ စိုက်ပျိုးရေးနှင့် အစားအစာ ကဏ္ဍနှင့် လျှပ်စစ်သုံးယာဉ်ကဏ္ဍများဆိုင်ရာ ဆွေးနွေးပြောကြားသူများ၊ သက်ဆိုင်ရာဌာနများမှ အရာထမ်းများ၊ အာဆီယံ - ဂျပန်ဗဟိုဌာနမှ ကိုယ်စားလှယ်များ၊ ဂျပန်ပြည်ပကုန်သွယ်မှု အဖွဲ့အစည်းနှင့် ဂျပန်နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၊ UMFCCI နှင့် ညီနောင်အသင်းတို့မှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ပါသည်။