သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၄၉) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား  ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

     ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့စကားဝိုင်းတွင် ဆွေးနွေး   တင်ပြမည့် အကြောင်းအရာသည်  “မြန်မာအထူးစီးပွားရေးဇုန်” ဖြစ်ကြောင်း၊ အခြားသော ကမ္ဘာ့ နိုင်ငံများ၌လည်း အထူးစီးပွားရေးဇုန်များ ဖွင့်လှစ်၍ ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာ့အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အခန်းကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင် ဆောင်ရွက်လျက် ရှိပါကြောင်း၊  ဆွေးနွေးတင်ပြသူအနေဖြင့် အထူးစီးပွားရေးဇုန်၏ အဓိပ္ပါယ်၊ အထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံသူများကို ထောက်ပံ့ပေးသည့်ခံစားခွင့်များ၊ အထူး စီးပွားရေးဇုန်များ၏ အနှစ်သာရ၊ မြန်မာအထူးစီးပွားရေးဥပဒေ ပြဋ္ဌာန်းခြင်း၊ မြန်မာအထူး   စီးပွားရေး ဇုန်ဥပဒေပါ ကင်းလွတ်ခွင့်နှင့်သက်သာခွင့်များ၊ အထူးစီးပွားရေးဇုန်တွင် လိုင်စင်၊ ခွင့်ပြုမိန့် လိုအပ်မှုမှ ကင်းလွတ်ခွင့်၊ မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များနှင့် အထူးစီးပွားရေး   ဇုန်များ ပေါ်ပေါက်လာခြင်း အကျိုးကျေးဇူးများအား ဆွေးနွေးဖော်ပြမည်ဖြစ်ခြင်းကြောင့်  ဝန်ထမ်း    များအနေဖြင့် သိရှိနားလည်ထားရန် လိုအပ်သည့်အတွက်  စိတ်ပါဝင်စားစွာဖြင့် တက်တက် ကြွကြွ ပါဝင်ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

              ဆက်လက်၍ ဆွေးနွေးတင်ပြမှုကို ဆောင်ရွက်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဟိန်းထွန်းကမြန်မာအထူးစီးပွားရေးဇုန် အကြောင်း လေ့လာခြင်း” ခေါင်းစဉ်ဖြင့် အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

                ထို့နောက် ဒုတိယဝန်ကြီးက မြန်မာအထူးစီးပွားရေးဇုန်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်မှု အခြေအနေများကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက သိရှိ    လိုသည်များကို ဝိုင်းဝန်း မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

              အခမ်းအနားသို့ ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း/ အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ Online ဖြင့် တက်ရောက်သည့် အရာထမ်း/ အမှုထမ်းများ အပါအဝင် စုစုပေါင်းဝန်ထမ်းအင်အား ၁၀ ကျော် တက်ရောက် ကြပါသည်။