သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၄၈) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာကံဇော် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့တင်ပြဆွေးနွေးမည့် ခေါင်းစဉ်တွင်ပါဝင်သော ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းနိုင်ငံများအတွက် တောင်သူပညာပေးဆိုင်ရာ အကြောင်းအရာသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ လယ်ယာထွက်ကုန် တိုးတက်ရေးအတွက် ဆောင်ရွက်ချက်များ ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေး ဆိုင်ရာ လုပ်ငန်းစဉ်များဖြစ်သဖြင့်  မိမိတို့အနေဖြင့် သိသင့်သိထိုက်သော အကြောင်းအရာများ ဖြစ်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် လွတ်လပ်ရေးရရှိပြီးနောက် ကမ္ဘာ့ဖွံ့ဖြိုးမှု အမြန်ဆုံး နိုင်ငံများတွင်ပါဝင်ပြီး  ပြုပြင်ပြောင်းလဲမှုများကို အရှိန် အဟုန်နှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအများစုကလည်း ဖွံ့ဖြိုးတိုးတက်မှုများကို စံနမူနာ ထား လေ့လာကြပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် လူဦးရေ သန်း ၁၄၀၀ ကျော်ရှိပြီး ပြည်သူများ၏ စားဝတ်နေရေးဖူလုံရေးအတွက် လယ်ယာထွက်ကုန်ကဏ္ဍတိုးမြှင့်ရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၁၉၈၀ ပြည့်နှစ်နောက်ပိုင်းတွင် လယ်ယာဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ပြုပြင်ပြောင်းလဲမှုသည် ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ဖြစ်လာပါကြောင်း၊ ကျေးလက်ဒေသဆင်းရဲမှုလျှော့ချရေးကို ဦးတည်၍ တောင်သူပညာပေးအစီအစဉ်များကိုတရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်ပြုလုပ်ပေးခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း တောင်သူလယ်သမားများနှင့်စပ်လျဉ်းသော    ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အစီအစဉ်များကို ပြုလုပ်နေသဖြင့် ယခုဆွေးနွေးမျှဝေသည့် အကြောင်းအရာများကို  မိမိတို့ဝန်ထမ်းများသိရှိရန် လိုအပ်ပါကြောင်းနှင့် တက်ရောက်လာကြသူများအနေဖြင့် စိတ်ပါဝင်စားစွာ ပါဝင်ဆွေးနွေးသွားကြစေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဆွေးနွေးတင်ပြမှုကိုဆောင်ရွက်ရာ ပြည်ထောင်စုဝန်ကြီးရုံး၊ ပြည်တွင်း/ ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအိအိဌေးက ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း နိုင်ငံများအတွက် တောင်သူပညာပေး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့မှုနှင့်စပ်လျဉ်း၍ အသိပညာမျှဝေ ဆွေးနွေးခြင်း”အကြောင်းအရာနှင့် စပ်လျဉ်း ၍ ဆွေးနွေးပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးနှင့် စပ်လျဉ်း၍ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော ဝန်ထမ်းများကသိရှိလိုသည်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း/အမှုထမ်းများ ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူး ရုံးများမှ Online ဖြင့် ပါဝင်တက်ရောက်သူများအပါအဝင် စုစု ပေါင်း ဝန်ထမ်းအင်အား ၁၂၀ ကျော် တက်ရောက်ကြပါသည်။