သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အာဆီယံအတွင်းရေးမှူး ချုပ်ရုံးတို့ပူးပေါင်း၍ အာဆီယံဖွံ့ဖြိုးမှုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် အာဆီယံစီမံချက်ရေးဆွဲရေး သင်တန်း (ASEAN Project Development Training) ဖွင့်ပွဲကို  နေပြည်တော်ရှိ ရွှေနန်းတော် ဟိုတယ်၌ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက် ၍ အဖွင့်အမှာစကားပြောကြားသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အာဆီယံစီးပွားရေးမဏ္ဍိုင်နှင့်ဆက်စပ်သည့် ဝန်ကြီးဌာန များမှအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အဆင့်မြင့်အရာရှိများ၊ အာဆီယံအတွင်း ရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများနှင့် ဝန်ကြီးဌာန ၁၇ ခုမှ သင်တန်းသား ၄၆ ဦး အပါအဝင် စုစုပေါင်း  ၁၀၀   ဉီးခန့် တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အာဆီယံလွတ်လပ်သော ကုန်သွယ်မှုသည် ကမ္ဘာ့ကုန်သွယ်မှုတွင် အရေးပါကြောင်း၊ ဒစ်ဂျစ်တယ်ဖွံဖြိုးတိုးတက်လာခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကိုအားပေးလာခြင်းတို့နှင့်အတူ အာဆီယံလွတ်လပ်သောကုန်သွယ်မှု ဒေသညှိနှိုင်းမှုများတွင် နယ်ပယ်အသစ်များကို ထည့်သွင်းအဆိုပြုလာကြကြောင်း၊  အာဆီယံ အဖွဲ့ဝင်နိုင်ငံများတွင် ကမ္ဘောဒီးယားနိုင်ငံလာအိုနိုင်ငံနှင့် မြန်မာနိုင်ငံ (CLM) တို့အတွက် ဖွံ့ဖြိုးမှု နယ်ပယ်အသစ်များအတွက် အသိပညာပေးအစီအစဉ်များ၊ နည်းပညာအကူအညီများ လိုအပ် ကြောင်း၊ ယခုကျင်းပမည့် သင်တန်းတွင် အသိပညာပေးအစီအစဉ်များ၊ နည်းပညာအကူအညီ များနှင့် ဖွံ့ဖြိုးမှုပရောဂျက်စီမံကိန်းများ တောင်းခံရာတွင် လိုအပ်သည့် စီမံချက်အဆိုပြုလွှာ ရေးသား နည်းများကို သင်ကြားပေးမည်ဖြစ်သောကြောင့် အရေးပါသည့်သင်တန်းတစ်ခု ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ ထို့အပြင် ပြည်ထောင်စုဝန်ကြီးက အဆိုပါ သင်တန်းမှ ရရှိလာသည့် အတွေ့အကြုံများကို ခြေခံပြီး မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည့်စီမံချက် များအတွက် အဆိုပြုလွှာများကို ရေးသားတောင်းခံကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပ ပြုလုပ်မည်ဖြစ်သည်။ သင်တန်းတွင် ဂျကာတာမြို့ရှိအာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဘာသာရပ် ဆိုင်ရာကျွမ်းကျင်သူများက အာဆီယံပူးပေါင်းဆောင်ရွက်မှုစီမံချက်များနှင့်စပ်လျဉ်းသည့်အချက် အလက်များ၊ အာဆီယံစီမံချက်အဆိုပြုလွှာများရေးဆွဲရာတွင် လိုက်နာရမည့်ပုံစံများ၊ စီမံချက် အဆိုပြုရာတွင်ထည့်သွင်းရမည့်အချက်လက်များနှင့် အကျိုးကျေး‌ဇူးများ၊ စီမံချက်များအောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များကို လာရောက် ပို့ချပေးခြင်းဖြစ်ပြီး သင်တန်းသားများက စီမံချက်အဆိုပြုလွှာများရေးဆွဲခြင်းကို လက်တွေ့ ဆောင်ရွက်ကြရမည်ဖြစ်သည်။

အာဆီယံစီးပွားရေးအသိုက်အဝန်းမဏ္ဍိုင်၏ ဆက်စပ်ဝန်ကြီးဌာနများအနေဖြင့် အာဆီယံ လွတ်လပ်သောကုန်သွယ်မှုဒေသနှင့် အာဆီယံအပေါင်းတစ် လွတ်လပ်သောဒေသအကောင် အထည်ဖော်မှုများနှင့် စေ့စပ်ညှိနှိုင်းမှုများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါလွတ်လပ် သောကုန်သွယ်မှုဒေသများ အဆင့်မြှင့်တင်ရာတွင်လည်းကောင်း၊ အသစ်ညှိနှိုင်းရာတွင်လည်း ကောင်း ကုန်သွယ်မှုနှင့်အလုပ်သမားကဏ္ဍ၊ ကုန်သွယ်မှုနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍ အစရှိသဖြင့် နယ်ပယ်အသစ်များကို ထည့်သွင်းအဆိုပြုလာပါသဖြင့် အဆိုပါနယ်ပယ်အသစ်များ နှင့် စပ်လျဉ်းပြီး နားလည်သဘောပေါက်စေရန်နှင့် လိုက်ပါအကောင်အထည်ဖော်ရန် အတွက် သင်တန်းများနှင့် နည်းပညာအကူအညီများ လိုအပ်လျက်ရှိသည်။ သို့ပါ၍ ယခုကျင်းပသည့် သင်တန်းမှရရှိသည့် ဗဟုသုတများသည် အာဆီယံ၏ လွတ်လပ်သောကုန်သွယ်မှုဒေသဆိုင်ရာ ညှိနှိုင်းမှုများနှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံအတွက် လိုအပ်လျက်ရှိသည့် နည်းပညာပူးပေါင်း ဆောင်ရွက်မှုစီမံချက်များအတွက် အဆိုပြုလွှာရေးသားရန်နှင့် အဆိုပါစီမံချက်များအား စနစ် တကျ အကောင်အထည်ဖော်ရန်အတွက် အထောက်အကူပြုမည်ဖြစ်သည်။