သတင်းများ

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂ ရက်

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်တွင် ရုံးအမှတ်(၁)၏ အနောက်ဘက် ရှိ သတ်မှတ်နေရာ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့်ဇနီး ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် နှင့် အရာထမ်း/ အမှုထမ်း    ၁၂၀ ကျော်  တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသည် သစ်တောသစ်ပင်များကို  အမြတ်တနိုး တန်ဖိုးထားတတ်စေရန် ဖြစ်ပါကြောင်း၊  မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ကာဗွန်ထုတ်လုပ်မှု လျှော့ချရေးတို့အတွက် အလေးအနက်ထား၍ စီမံချက်များ ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ သစ်တောသစ်ပင်များနှင့် သစ်တောဂေဟ စနစ်သည် လူသန်းပေါင်းများစွာအတွက် လိုအပ်သော အစားအစာ၊ အသုံးအဆောင်များ၊ သစ်တော ထွက်ပစ္စည်း အမျိုးမျိုးတို့ကို ထောက်ပံ့ပေးနေပြီး ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိပေးလျက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်း၊ လေထုအတွင်းမှ ကာဗွန်ကို စုပ်ယူသိုလှောင် ဖယ်ရှားပေးခြင်း၊ ရေနှင့်လေကို သန့်စင်ပေးခြင်း၊ ဇီဝမျိုးစုံကွဲများ ကြွယ်ဝစေခြင်း၊ မြေဆီမြေနှစ် အဆင့်ဆင့် ဖြစ်ပေါ်စေခြင်းစသည့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများကို ပံ့ပိုးပေးလျက်ရှိပါ ကြောင်း၊ ငါးသယံဇာတထိန်းသိမ်းခြင်းနှင့် ငါးမျိုးရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးမျိုးပြုန်းတီးမှုမဖြစ်စေရန်အတွက် ငါးသားပေါက်ကောင်ရေ ၁၀၀၀၀ ကိုလည်း စိုက်ထည့်ပေး သွားမှာ ဖြစ်ပါကြောင်း၊  သစ်ပင်များ စိုက်ပျိုးရာတွင်လည်း တစ်ပင်စိုက် တစ်ပင်ရှင်သန်စေရန် အရေးကြီးပြီး  စိုက်သမျှအပင် ရှင်သန်စေ‌ရေး၊ အကျိုးရှိစေရေး ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က ဦးဆောင်၍ ရတနာတန်းဝင် ကျွန်းပင်များကို စိုက်ပျိုးပေးပြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း/ အမှုထမ်းများက အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် သတ်မှတ်နေရာများ၌ ရတနာ တန်းဝင်ကျွန်းပင် စုစုပေါင်း ၁၀၀ ပင် စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့သည် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ် များ၊ အရာထမ်း/ အမှုထမ်းများနှင့်အတူ ငါးသားပေါက်များကို ဝန်ကြီးဌာန အနောက်ဘက်ရှိ ရေကန် အတွင်းသို့ ငါးမျိုးများစိုက်ထည့်ပေးခဲ့သည်။ ယခင်နှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုးခဲ့သော ရတနာတန်းဝင် ကျွန်းပင်များလည်း  ၉၀  ရာခိုင်နှုန်းကျော် ရှင်သန်ဖြစ်ထွန်းလျက်ရှိပါသည်။