သတင်းများ

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်း အဝေးအမှတ်စဉ် (၃/၂၀၂၄) ကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ကျင်းပခဲ့ပါသည်။

 အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် လုပ်ငန်းကော်မတီဝင်များဖြစ်ကြသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ နှင့်  အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ လှည့်ပတ်ရန်ပုံငွေသို့ ကျပ် ၅၀ ဘီလီယံ နှင့်  အထွေထွေပိုလျှံရန်ပုံငွေမှ ထုတ်ပေးထားသည့် ကျပ် ၁၅၀ ဘီလီယံ မှ ကျပ် ၅၀ ဘီလီယံ၊ စုစုပေါင်း ကျပ် ၁၀၀ ဘီလီယံကို ပြန်လည်ကောက်ခံ ပြီးစီးမှုနှင့် ပေးသွင်းပေးမှုအခြေအနေ၊ ချေးငွေပြန်လည်ပေးဆပ်ရန် နိုင်ငံပိုင်သတင်းစာများ တွင် ကြေညာချက် ထည့်သွင်းထုတ်ပြန်ပြီးနောက် ၂၀၂၄ ခုနှစ် ဇွန်လနှင့် ဇူလိုင်လအတွင်း ချေးငွေပြန်လည်ပေးဆပ်မှု တိုးတက်လာသည့် အခြေအနေများ၊ ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများကို ပြောကြားဆွေးနွေးပါသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကိုဗစ် ၁၉ ရန်ပုံငွေမှချေးငွေများသည် နိုင်ငံ့ဘဏ္ဍာ ရန်ပုံငွေများ ဖြစ်ပါသဖြင့် မဖြစ်မနေ ပြန်လည်ပေးဆပ်ကြရန် တာဝန်ရှိပါကြောင်း၊ ၂၀၂၄ ခုနှစ် ဧပြီလမှ စတင်၍ ကိုဗစ် ၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသည့် ကုမ္ပဏီ/လုပ်ငန်များ အနက်မှ တာဝန်ကျေပွန်စွာ အပြေအကျေပေးဆပ်ပြီးသူများကို ကျေးဇူးတင် အသိအမှတ်ပြု မှတ်တမ်းတင် ပါကြောင်း၊  ချေးငွေသက်တမ်း ၃ နှစ် ကျော်လွန်ပြီး ချေးငွေအရင်းအတိုးများပြန်လည်ပေးဆပ်ရန် ကျန်ရှိနေသည့် ကုမ္ပဏီ/ လုပ်ငန်းများ နှင့်စပ်လျဉ်း၍ ချေးငွေသက်တမ်းတိုးမြှင့်ပေးရန် အစီအစဉ် မရှိပါကြောင်းနှင့် ပြန်လည်ပေးဆပ်မှုမရှိသူများအား စီမံခန့်ခွဲမှုနည်းလမ်းများ၊ လုပ်ငန်းစဉ်များဖြင့်အမြန်ဆုံးပြန်လည်ရရှိရေးဆက်လက်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

               ထို့အပြင် ကိုဗစ် ၁၉ ရန်ပုံငွေမှ ငါး၊ ပုစွန် မွေးမြူရေး အပါအဝင် မွေးမြူ‌ရေးကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများနှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍသို့ ထုတ်ပေးထားသည့်ချေးငွေများ အချိန်စေ့ရောက်တော့မည်ဖြစ်၍  ကြိုတင်ညှိနှိုင်းဆောင်ရွက် ထားရန် လိုအပ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။

ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ချေးငွေစိစစ်ကြပ်မတ်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ပြည်နယ်/ တိုင်းဒေသကြီးအလိုက် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေ ထုတ်ယူ ထားသည့် ကုမ္ပဏီ/ လုပ်ငန်းများမှ အတိုးအရင်း ကောက်ခံရရှိမှုနှင့် သက်ဆိုင်ရာဌာနများ၊ ချေးငွေကြီးကြပ်ရေးအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှု အခြေအနေများ၊ ချေးငွေဆိုင်ရာ စာရင်းဇယားများ တိကျမှန်ကန်ရေးကိစ္စရပ်တို့အား ရှင်းလင်း တင်ပြဆွေးနွေးခဲ့ပါသည်။

တက်ရောက်လာကြသော လုပ်ငန်းကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များက ကိုဗစ် ၁၉ ရန်ပုံငွေမှ ရယူထားသည့် ချေးငွေများသည် နိုင်ငံ၏ ဘဏ္ဍာရန်ပုံငွေများဖြစ်ပါသဖြင့် အမြန်ဆုံးပြန်လည်ကောက်ခံရရှိရန် လိုအပ်ပါကြောင်း၊ ချေးငွေ ပေးဆပ်ရန်ကျန်ရှိသည့် ကုမ္ပဏီ/လုပ်ငန်းများအား ပြန်လည်ပေးဆပ်မှုအဆင့်လိုက် ခွဲခြား၍ စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ချေးငွေအများဆုံးကျန်ရှိသည့် ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး စသည့်ဒေသများတွင် ကွင်းဆင်းတွေ့ဆုံ၍ ချေးငွေများ အမြန်ပြန်လည်ပေးဆပ်လာစေရေး ဆောင်ရွက်သွားရှိရန် လိုအပ်ပါကြောင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးကြပါသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသူများက ကော်မတီ၏ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း ၍ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ သက်တမ်းစေ့ပြီး ချေးငွေ ပြန်လည်ကောက်ခံရရှိရေး အစီအစဉ်နှင့် နိုင်ငံ့ဘဏ္ဍာရန်ပုံငွေများကို လေလွင့်ဆုံးရှုံးမှု မရှိစေရေး ကြပ်မတ်ဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်းများ၊ ဌာနဆိုင်ရာများအကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေတို့အား ညှိနှိုင်းဆွေးနွေး အကြံပြုတင်ပြခဲ့ကြပါသည်။

ဆွေးနွေးတင်ပြချက်များအပေါ် လုပ်ငန်းကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီးက ကိုဗစ် ၁၉ ချေးငွေများ အမြန်ဆုံး ပြန်လည်ကောက်ခံရရှိရေးအတွက် ရှေ့လုပ်ငန်းစဉ်များနှင့် စီမံခန့်ခွဲမှု နည်းလမ်းများဖြင့်ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပြောကြားခဲ့ပါသည်။