သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိ ပညာပေး ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်() ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြား သည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အဂတိလိုက်စားမှုဆိုင်ရာ အသိပညာနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းသည် အရေးကြီးသောလုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများ၊ အဖွဲ့အစည်းများနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများ ထိခိုက်မှုမရှိစေရေးနှင့် အကာအကွယ်ပေးရန်အတွက် နိုင်ငံ့ ဝန်ထမ်းများတွင်တာဝန်ရှိကြောင်း၊  ပြည်သူကိုဝန်ဆောင်မှုများပေးနေသော ဌာနများနှင့် နိုင်ငံ့ ဝန်ထမ်းများကိုယ်တိုင် အဂတိလိုက်စားမှု ကင်းရှင်းမှ သာယာသည့်လူ့ပတ်ဝန်းကျင်ကိုဖြစ်စေပြီး လူနေမှုနှင့် အုပ်ချုပ်မှုစနစ်တို့ကို တိုးတက်ကောင်းမွန်စေမည်ဖြစ်ကြောင်း၊  တိုင်းပြည်တည်ဆောက် ရေးတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်နေကြရသည့် နိုင်ငံ့ဝန်ထမ်းများကိုယ်တိုင် အဂတိ လိုက်စားမှုဆိုင်ရာ နိုင်ငံတကာအဓိပ္ပါယ်များ၊ နိုင်ငံတကာကွန်ဗင်းရှင်းများနှင့် ပြည်တွင်းဥပဒေတို့ကို သိရှိနားလည်ပြီး အမှန်တကယ်လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လည်း မိမိအခွင့်အာဏာ၊ ရာထူးနှင့် လုပ်ပိုင်ခွင့်တို့ကြောင့် နိုင်ငံတော်နစ်နာဆုံးရှုံးမှုဖြစ်စေသည့် အဂတိမြောက်သည့်ကိစ္စရပ်များနှင့် အဂတိလိုက်စားမှုဖြစ်ပေါ်လာနိုင်သည့် အခြေအနေများနှင့် စပ်လျဉ်း၍ သိသင့်သိထိုက်သည့် ဆောင်ရန်၊ ရှောင်ရန်များကို သိရှိထားရန်လိုအပ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနသည် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာလုပ်ငန်းများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များအား ဝန်ဆောင်မှုပေးရ သည့်ဌာနဖြစ်သည့်အတွက် အဂတိတရားများကင်းရှင်းစေရန် အသိပညာပေးခြင်း၊ တားဆီး ကာကွယ်ခြင်းများကို ထိရောက်စွာဆောင်ရွက်ပေးခြင်းဖြင့် ဝန်ထမ်းများကို အဂတိလိုက်စားမှုကင်းစင် စေမည်ဖြစ်ပြီး အစိုးရနှင့် ပြည်သူများအကြား ယုံကြည်မှုမြင့်မားလာစေမည်ဖြစ်ကြောင်း၊  အဂတိ လိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးနှင့် ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှုကို ကျူးလွန်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ အရေးယူခံရမည့်အပြင် မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင်လည်း ဂုဏ်သိက္ခာထိခိုက် ကျဆင်းစေမည်ဖြစ်သောကြောင့် ဝန်ထမ်းများ အနေဖြင့် သိရှိရှောင်ကြဉ်ရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများသည် အများပြည်သူဆိုင်ရာဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ရာ ဖြောင့်မတ် တည်ကြည်မှုရှိရန်၊ တာဝန်ယူ/ တာဝန်ခံမှုရှိရန်၊ ပွင့်လင်း မြင်သာစွာ ဆောင်ရွက်နိုင်ရန်၊ ကျောသားရင်သား မခွဲခြားဘဲ မျှတစွာ၊ အဂတိတရားကင်းရှင်းစွာ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU) ဖွဲ့စည်းပြီး အဂတိလိုက်စားမှု လျော့နည်း ပပျောက်စေရေးအတွက် ကော်မရှင်၏ ပို့ချမှုဖြင့် အလုပ်ရုံ ဆွေးနွေးပွဲ၊ အသိပညာပေးဟောပြောပွဲနှင့် သင်တန်းပို့ချမှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊  ဌာနတွင်း ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း များတွင်လည်း အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး ဘာသာရပ်ကိုပါ ထည့်သွင်းပို့ချစေခဲ့ပါ ကြောင်း၊ ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအနေဖြင့် ယနေ့ ဆွေးနွေးပွဲမှရရှိသည့် အသိအမြင် ဗဟုသုတများဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကာ အဂတိတရားကင်းစင်သည့် ဝန်ကြီးဌာနဖြစ်စေရေး ဝိုင်းဝန်းကြိုးပမ်းသွားကြရန် တိုက်တွန်းပြောကြား ပါသည်။

       ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့် က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားရာ၌ ကော်မရှင်အနေဖြင့် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်မှုစနစ် ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် အဂတိလိုက်စားမှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့သို့ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှုများကိုမဖြစ်မီ ကြိုတင် ကာကွယ်တားဆီးရန်အတွက်အသိပညာပေးခြင်းနှင့်တားဆီးကာကွယ်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူတစ်ဦးချင်းအပေါ်သို့  ကြီးမားစွာ တိုက်ရိုက်သက်ရောက်နေ သော ဖိစီးမှုများဖြစ်ပေါ်စေသည့် အသေးစားအဂတိလိုက်စားမှုများကို လျော့နည်းကျဆင်းစေရန်၊ နိုင်ငံတော်အစိုးရက ပြည်သူလူထု၏ လိုအပ်ချက်များနှင့်အညီ လုပ်ဆောင်ပေးနေသည့် ဝန်ဆောင်မှု များကို ပြည်သူလူထုထံသို့ ပိုမိုပြည့်စုံကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်ရန်၊ ပြည်သူ့ဘဏ္ဍာဆုံးရှုံးမှု လျော့နည်းရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာများ တိုးပွားလာစေရန်ရည်ရွယ်၍ ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အဖွဲ့ ၁၄ ခုတို့တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU) များကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ CPU များ၏လုပ်ငန်းတာဝန် ၃ ရပ်နှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် ၆ ရပ် တို့ကိုချမှတ်ပြီး ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ CPU များအတွက် ချမှတ်ထားသည့်လုပ်ငန်းအစီအစဉ် ၆ ရပ် အနက် ဆဋ္ဌမမြောက်အချက်ဖြစ်သည့် အများပြည်သူထံမှတုံ့ပြန်မှုရယူခြင်းအစီအစဉ်(Public Feedback Programme - PFP) ကို အသုံးပြု၍ အသေးစားအဂတိ လိုက်စားမှုများ လျှော့ချနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါ ကြောင်းနှင့် CPU များ၏ လုပ်ငန်းတာဝန်များ ထိရောက်စွာဆောင်ရွက်နိုင်စေရန် လိုအပ်သည့် နည်းပညာဆိုင်ရာ သင်တန်းများပို့ချပေးခြင်း၊ PFP အစီအစဉ်အသုံးပြုသည့်ဌာနများအတွက် လိုအပ် သည့် အသုံးပြုနည်းသင်တန်းများ ပို့ချပေးခြင်းများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွေးက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဉပဒေနှင့် စုံစမ်းစစ်ဆေးရေးကဏ္ဍများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ညွှန်ကြားရေးမှူး ဦးလင်းဝေအောင်က အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း အကြောင်းအရင်းများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့် တားဆီးကာကွယ်ရေးကဏ္ဍများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက် လာသူများ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့် ဦးဆောင်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက် များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာကြူ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU) အဖွဲ့ဝင်များနှင့် အရာထမ်း၊ အမှုထမ်းများမှ လူကိုယ်တိုင်နှင့် Online တို့ဖြင့် ပါဝင်တက်ရောက်ကြသည်။