သတင်းများ

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် ကျင်းပသည့် (၅) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေး ဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်လျက်ရှိသည်။

ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် (၃၈) ကြိမ်မြောက် အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသကောင်စီအစည်းအဝေးသို့ တက်ရောက် ခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ဝန်ကြီးများက အာဆီယံနိုင်ငံများအကြား ဆောင်ရွက်လျက်ရှိသည့် အာဆီယံကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုအရ ပင်ရင်းဒေသစည်းမျဉ်း၊ ကုန်စည်များလွယ်ကူချော့မွေ့စေရေး၊ လူ၊ အပင်နှင့် တိရိစ္ဆာန်များ ရောဂါပိုးမွှားကင်းစင်ရေး၊  စံချိန်စံညွှန်းနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးနှင့် အကောက်ခွန် ပေါင်းစည်းရေးဆိုင်ရာကိစ္စရပ်များတွင် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ထို့ပြင် ၂၀၂၅ ခုနှစ်တွင် အာဆီယံကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ်အဆင့်မြှင့်တင်ခြင်း အပြီးသတ်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန် ဝန်ကြီးများက ကုန်စည်ကုန်သွယ်ရေး ညှိနှိုင်းမှုကော်မတီနှင့် လုပ်ငန်းအဖွဲ့များအား လမ်းညွှန်ခဲ့သည်။

ယင်းနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည်  (၂၇) ကြိမ်မြောက် အာဆီယံ ရင်းနှီးမြှုပ်နှံမှု ဒေသကောင်စီအစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ စီးပွားရေးဝန်ကြီးများနှင့် အတူတက်ရောက်ခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ဝန်ကြီးများက အာဆီယံရင်းနှီးမြှုပ်နှံမှု ဒေသအကောင်အထည်ဖော်မှုအရ ဆောင်ရွက်လျက်ရှိသည့် အာဆီယံစဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလမ်းညွှန်ချက်များရေးဆွဲခြင်း၊ ဒေသတွင်းရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အစီအစဉ်များ ဆောင်ရွက်ခြင်း၊  အာဆီယံရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာ ရေးသားပြုစုထုတ်ဝေခြင်း၊ အာဆီယံရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပခြင်းနှင့် အာဆီယံဒေသတွင်း ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် (၂၇) ကြိမ်မြောက် အာဆီယံရင်းနှီးမြှုပ်နှံမှု ဒေသကောင်စီ အစည်းအဝေးနှင့်တစ်ဆက်တည်းပြုလုပ်သည့် အာဆီယံဘက်စုံရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ် ကို ပြင်ဆင်သည့် ပဉ္စမအခြေပြစာချုပ် လက်မှတ်ရေးထိုးပွဲတွင် မြန်မာနိုင်ငံကိုယ်စား ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ အခြေပြစာချုပ်သည် အာဆီယံဘက်စုံရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကို ပြင်ဆင်သည့် ပထမအခြေပြစာချုပ်နှင့် လက်ရှိ ပဉ္စမအခြေပြစာချုပ် မူကြမ်းအထိ  ပြင်ဆင်ချက်များ အားလုံးအပါအဝင် ခေါင်းစီးမှတ်စု၊ ပူးတွဲများနှင့်အတူ စုစည်းပြင် ဆင်ထားခြင်းဖြစ်သည်။ အဆိုပါအခြေပြစာချုပ်ကို လေ့လာဖတ်ရှုလိုသည့်အများပြည်သူများ အဆင်ပြေစေရန် အလွတ်သဘောဖော်ပြချက်အဖြစ် အာဆီယံဝက်ဘ်ဆိုက်ဒ်တွင် လွှင့်တင် သွားမည် ဖြစ်သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စီးပွားရေးဝန်ကြီးများနှင့် အာဆီယံစီးပွားရေး အကြံပေးကောင်စီတို့၏ ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် အာဆီယံ စီးပွားရေးအကြံပေးကောင်စီက ၂၀၂၄ ခုနှစ်အတွင်း ပုဂ္ဂလိကကဏ္ဍက အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို တင်ပြခဲ့ရာ ဝန်ကြီးများက အနာဂတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတွင် ပုဂ္ဂလိက အခန်းကဏ္ဍက ပိုမိုပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို လမ်းညွှန်ခဲ့ပြီး အစိုးရ-ပုဂ္ဂလိက ချိတ်ဆက်ဆောင်ရွက်မှုယန္တရားဆိုင်ရာ အကြံပြုချက် စာတမ်းကို အတည်ပြုခဲ့သည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပခဲ့သည့် (၅၆) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးသည် အာဆီယံစီးပွားရေး ဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ဝန်ကြီးများက လာအိုနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူနေသည့် ၂၀၂၄ ခုနှစ် အတွင်း ပြီးစီးအောင်ဆောင်ရွက်လျက် ရှိသည့် စီးပွားရေးဆိုင်ရာဦးစားပေးလုပ်ငန်းများ၏ အကောင်အထည်ဖော်မှု အခြေအနေများ၊ အာဆီယံထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်ချိတ်ဆက်မှုဆိုင်ရာ အာဆီယံကြေညာချက်နှင့် ဉာဏ မူပိုင်ခွင့်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အာဆီယံမူဘောင်သဘောတူစာချုပ် အဆင့်မြှင့်တင်ခြင်း အတွက် အကြံပြုချက်များကို မှတ်တမ်းတင်ခဲ့သည်။  ထို့အပြင် အာဆီယံဒေသတွင်း  အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း မူဝါဒများကို စံပြုရန်အတွက် အာဆီယံ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း မူဝါဒပိုင်းဆိုင်ရာ ညွှန်းကိန်းများနှင့် အာဆီယံတွင် အားလုံးပါဝင်သော စီးပွားရေးအသိအမှတ်ပြုမှုစနစ် မူဘောင်တို့ကိုလည်း အတည်ပြုခဲ့သည်။

မွန်းလွှဲပိုင်းတွင် အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ အာဆီယံ ဒီဂျစ်တယ်စီးပွားရေး မူဘောင်သဘောတူစာချုပ် စေစ့ပ်ညှိနှိုင်းမှု၏ အကောင်အထည်ဖော်မှု အခြေအနေကို မှတ်တမ်း တင်ခဲ့ပြီး ယင်းစေ့စပ်ညှိနှိုင်းမှုများ ၂၀၂၅ ခုနှစ်တွင် အချိန်မီ အပြီးသတ်နိုင်ရေး လိုအပ်သည် များကို လမ်းညွှန်ခဲ့သည်။ အာဆီယံစီးပွားရေးအသိုက်အဝန်းအောက်ရှိ စဉ်ဆက်မပြတ် လုပ်ငန်း စဉ်များနှင့်စပ်လျဉ်း၍ ကာဗွန်လျှော့ချရေး၊ ပတ်ဝန်းကျင်ကို ထိခိုက်မှုလျော့နည်းစေသည့် စီးပွားရေး၊ အာဆီယံ အဏ္ဏဝါစီးပွားရေးတို့၏ အကောင်အထည်ဖော်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဝန်ကြီးများက ဒေသတွင်း စဉ်ဆက်မပြတ် စီးပွားရေး တိုးတက်မှုကို ခိုင်မာစေသည့် နည်းလမ်းအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် အာဆီယံအသိုက်အဝန်း ၂၀၄၅ မျှော်မှန်းချက်နှင့် အာဆီယံ စီးပွားရေးအသိုက်အဝန်း မဟာဗျူဟာ လုပ်ငန်းစီမံချက် (၂၀၂၆-၂၀၃၀) ရေးဆွဲမှု၏ တိုးတက်မှု အခြေအနေကို မှတ်တမ်းတင်ခဲ့ပြီး၊ လုပ်ငန်းများ အချိန်မီ ပြီးမြောက်ရေး ဆောင်ရွက်နိုင်ရန် ဝန်ကြီးများက အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့အား လမ်းညွှန် ခဲ့သည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံစီးပွားရေးဝန်ကြီးများနှင့် ကမ္ဘာ့ဉာဏမူပိုင်ခွင့်အဖွဲ့ ညွှန်ကြားရေးမှူးချုပ်တို့၏ မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အဆိုပါအစည်းအဝေးတွင်  အာဆီယံနှင့် ကမ္ဘာ့ဉာဏမူပိုင်ခွင့်အဖွဲ့တို့အကြား ဆောင်ရွက်နေသည့်ဒီဂျစ်ဆန်းသစ်တီထွင်မှုနှင့် ဒီဂျစ်တယ် အသွင်ကူးပြောင်းရေး၊  အာဆီယံဒေသတွင်း ၂၀၄၅ တွင် ပြည်သူဗဟိုပြု တီထွင်ဆန်းသစ်မှု များဖြင့် ဖွံ့ဖြိုးတိုးတက်မှု အသွင်ပြောင်းလဲရေး နှင့် အာဆီယံနှင့် ကမ္ဘာ့ဉာဏမူပိုင်ခွင့်အဖွဲ့တို့ အကြားလက်မှတ်ရေးထိုးထားသည့်နားလည်မှုစာချွန်လွှာအရပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ အရှိန်မြှင့်တင်ရေးကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

စက်တင်ဘာလ ၁၈ ရက်နေ့မွန်းလွဲပိုင်းတွင်ပြည်ထောင်စုဝန်ကြီးသည် (၁၆) ကြိမ်မြောက် ကမ္ဘောဒီးယား၊လာအို၊မြန်မာနှင့်ဗီယက်နမ်(စီအယ်လ်အမ်ဗွီ)စီးပွားရေးဝန်ကြီးများ အစည်းအဝေး သို့တက်ရောက်ခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် ဝန်ကြီးများက စီအယ်လ်အမ်ဗွီ လုပ်ငန်းအစီအစဉ် ၂၀၂၃-၂၀၂၄ ပါ လုပ်ငန်းများအကောင်အထည်ဖော်မှုကို မှတ်တမ်းတင်ခဲ့ပြီး၊ စီအယ်လ်အမ်ဗွီလုပ်ငန်းအစီအစဉ် ၂၀၂၅-၂၀၂၆ ကို ပုံသေမထားဘဲ လိုအပ်သလို ပြင်ဆင်မွမ်းမံ သွားမည့်အစီအစဉ်တစ်ခုအဖြစ်အတည်ပြု၍ လုပ်ငန်းများထပ်မံ ဖြည့်စွက်ရန်အတွက် အဆင့်မြင့် စီးပွားရေး အရာရှိများအားတာဝန်ပေးအပ်ခဲ့သည်။ ထို့ပြင် ဝန်ကြီးများက စီအယ်လ်အမ်ဗွီ နိုင်ငံများအား ၂၀၃၀ ပြည့်နှစ်တွင်ရေရှည်တည်တံ့သော အလယ်အလတ်အထက် အဆင့်ဝင်ငွေ ရှိသည့် နိုင်ငံများအဖြစ် ရပ်တည်နိုင်ရန်  အထောက်အပံ့ပေးမည့် စီအယ်လ်အမ်ဗွီဖွံ့ဖြိုး တိုးတက်မှုမူဘောင်  ၂၀၂၀-၂၀၃၀ အကောင်အထည်ဖော်မှု၏ လုပ်ငန်းအစီအစဉ် ရေးဆွဲရေး အတွက် ကမ္ဘောဒီးယားနိုင်ငံက အဆိုပြုထားသည့် အလုပ်ရုံ ဆွေးနွေးပွဲကျင်းပရန်နှင့် မူဘောင်ကိုအကောင်အထည်ဖော်ရန် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် ဆွေးနွေးညှိနှိုင်းခဲ့သည်။

အဆိုပါအစည်းအဝေးများတွင် လာအိုနိုင်ငံ၊  စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E. Malaithong Kommasith သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးဝန်ကြီးများ၊ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ ကောင်စီဝန်ကြီးများ၊ အာဆီယံရင်းနှီးမြှုပ်နှံမှုဒေသ ကောင်စီဝန်ကြီးများ၊ စီအယ်လ်အမ်ဗွီ စီးပွားရေးဝန်ကြီးများ၊ အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိများ၊ အာဆီယံစီးပွားရေးအကြံပေးကောင်စီအဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့်တာဝန်ရှိသူများပါဝင်တက်ရောက်ခဲ့သည်။ ပြည်ထောင်စုဝန်ကြီး နှင့်အတူ လာအိုနိုင်ငံဆိုင်ရာ  မြန်မာနိုင်ငံ သံအမတ်ကြီး ဦးအောင်ကို၊ အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မာလာမျိုးညွန့်နှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများပါဝင်တက်ရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် အာဆီယံစီးပွားရေးဝန်ကြီးများ နှင့် အီးယူ ကုန်သွယ်ရေး ကော်မရှင် ရုရှား ၊ ဆွစ်ဇာလန်၊ ဗြိတိန်၊ ဟောင်ကောင် (တရုတ်) ၊ အမေရိကန် ၊ အိန္ဒိယ ၊ ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန် ၊ အရှေ့အာရှ  ၊ ဂျပန်၊ တရုတ် ၊ ကိုရီးယား ၊ အပေါင်းသုံး စီးပွားရေးဝန်ကြီးများ အစည်းအဝေးများနှင့် ဒေသတွင်းဘက်စုံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဝန်ကြီးများအစည်းအဝေးသို့   စက်တင်ဘာလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဆက်လက် တက်ရောက်မည်ဖြစ်သည်။