သတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ၂၀၂ ခုနှစ်၊ စက်တင်ဘာရက်နေ့ ၌ ကျင်းပပြုလုပ်သည့်  ဧရာဝတီတိုင်း ဒေသကြီးအတွင်း ကိုဗစ် ၁၉ ရန်ပုံငွေမှ ထုတ်ပေးထားသည့် ချေးငွေများ ပြန်လည် ကောက်ခံရရှိရေး တိုင်းဒေသကြီးချေးငွေစိစစ်ကြပ်မတ်ရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲ သို့  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာဝါဝါမောင်၊ ဧရာဝတီတိုင်းဒေသကြီး၊ စီးပွားရေးရာ ဝန်ကြီး ဦးတင်အေး၊ တိုင်းဒေသကြီးချေးငွေ စိစစ်ကြပ်မတ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  ကုစားရေးလုပ်ငန်းကော်မတီရုံးအဖွဲ့တို့မှ ပါဝင်တက်ရောက်ခဲ့ကြသည်။

ကုစားရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူးက ဆွေးနွေးပွဲကို ကိုဗစ်-၁၉ ရန်ပုံငွေမှ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကုမ္ပဏီ/ လုပ်ငန်း ၇၇၄ ခု ချေးငွေပမာဏ ကျပ် ၁၆.၅၂၂ ဘီလီယံထုတ်ချေးပေးခဲ့ပြီး ပြန်လည်ပေးဆပ်မှု ပမာဏ ၁၀.၃၃၁ ဘီလီယံ ဖြစ်သဖြင့် ၆၂.၅ ရာခိုင်နှုန်းအားဖြင့် ရရှိခဲ့ပြီး ကျန်ရှိနေသည့် ချေးငွေ ပမာဏ ၆.၁၉၁ ဘီလီယံ၊ ၃၇.၅ ရာခိုင်နှုန်း ဆက်လက်ကောက်ခံရရှိရေးအတွက် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါချေးငွေများကို နိုင်ငံ့ဘဏ္ဍာ ရန်ပုံငွေမှ ချေးငွေသက်တမ်း တစ်နှစ်ဖြင့် ၂၀၂၀ ပြည့်နှစ် ဧပြီလမှ စတင်ထုတ်ချေးထားခဲ့ရာ တိုးမြှင့်ပေးခဲ့သည့် ချေးငွေသက်တမ်း ၃ နှစ် ကိုလည်း ပြည့်မြောက်ကျော်လွန်ခဲ့ပြီးဖြစ်သဖြင့် ချေးငွေများ အပြည့်အဝ ပြန်လည်ရရှိရေး နှင့် နိုင်ငံ့ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့်နေရာများတွင် လှည့်လည်သုံးစွဲနိုင်ရန် ချေးငွေများ အမြန်ဆုံးပြန်လည်ကောက်ခံရရှိရေးကို ဖော်ထုတ်ဆွေးနွေးခဲ့ကြပါသည်။

         အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေးက ဒေသတွင်း ချေးငွေများ အမြန်ဆုံး ကောက်ခံရရှိရေး ညှိနှိုင်းဆောင်ရွက်ပေးမှု အခြေအနေနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ချေးငွေစိစစ်ကြပ်မတ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးရုံး၊ ညွှန်ကြားရေးမှူး ဦးသက်ပိုင်က ၂၀၂၄ ခုနှစ်၊ ဩဂုတ်လကုန်အထိ ချေးငွေပြန်လည်ကောက်ခံရရှိမှုအခြေအနေနှင့် ချေးငွေ ပေးဆပ်မှု အခြေအနေကိုလည်းကောင်း၊ မြန်မာ့စီးပွားရေးဘဏ် တိုင်းဒေသကြီးမန်နေဂျာ ဦးတင်ထွန်းက ချေးငွေများထုတ်ချေးပေးမှုနှင့် ပြန်လည် ကောက်ခံမှုအခြေအနေနှင့် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ချေးငွေသဘောတူစာချုပ်ပါအတိုင်း ဘဏ်လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုလည်းကောင်း၊ တိုင်းဒေသကြီး ချေးငွေစိစစ်ကြပ်မတ်ရေးအဖွဲ့ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးဇေယျာဆွေက ချေးငွေများပြန်လည်ကောက်ခံရေး ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များအတွက် တိုင်းဒေသကြီး ချေးငွေစိစစ်ကြပ်မတ်ရေးအဖွဲ့တွင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးနှင့် လိုအပ်သည့် အခြားဌာနများကိုလည်း ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းနိုင်ရေးကိုလည်းကောင်း ဆွေးနွေးခဲ့ကြပါသည်။

         ဆက်လက်၍ တက်ရောက်လာကြသူများက ကိုဗစ်-၁၉ ရန်ပုံငွေမှ  ချေးငွေများ ပြန်လည် ကောက်ခံရရှိရေးအတွက် တိုင်းဒေသကြီးချေးငွေစိစစ်ကြပ်မတ်ရေးအဖွဲ့က ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ သက်တမ်းစေ့ရောက်ပြီး ချေးငွေများ အမြန်ဆုံးပြန်လည်ကောက်ခံရရှိရေးအစီအစဉ်နှင့် နိုင်ငံ့ဘဏ္ဍာရန်ပုံငွေ လေလွင့်ဆုံးရှုံးမှုမရှိစေရေး စီမံခန့်ခွဲမှုနည်းလမ်းများအရ ကြပ်မတ် ဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်းများ၊ ဌာနဆိုင်ရာများအကြား ပူးပေါင်း ဆောင်ရွက် နိုင်မည့် အခြေအနေတို့အား ညှိနှိုင်းဆွေးနွေး အကြံပြုတင်ပြခဲ့ကြပါသည်။

ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများ အပေါ် ကုစားရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဒေါက်တာဝါဝါမောင်နှင့် အဖွဲ့ဝင်များသည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အား ဂါရဝပြုတွေ့ဆုံ၍ အစည်းအဝေးကျင်းပဆောင်ရွက်မှုနှင့် ချေးငွေများပြန်လည် ကောက်ခံရရှိရေး ဆောင်ရွက် မည့် စီမံအုပ်ချုပ်မှုနည်းလမ်းများအား ရှင်းလင်းတင်ပြခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း လမ်းညွှန်ခဲ့ပါသည်။