သတင်းများ

မြန်မာနိုင်ငံ၏ အာဆီယံလွတ်လပ်သောဒေသကောင်စီဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ယနေ့မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပသည့် အာဆီယံကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ်အဆင့်မြှင့်တင်ခြင်းဆိုင်ရာစေ့စပ်ညှိနှိုင်းမှုများနှင့်စပ်လျဉ်းသည့် အာဆီယံ လွတ်လပ်သောကုန်သွယ်မှုဒေသကောင်စီဝန်ကြီးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ သည်။

အစည်းအဝေးတွင် စင်ကာပူနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် ကုန်သွယ်ရေးနှင့်စက်မှု ဝန်ကြီးဌာန၊ ဝန်ကြီး H.E. Gan Kim Yong က အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက် ခဲ့ပြီး အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသကောင်စီဝန်ကြီးများ၊ အာဆီယံ ဒုတိယ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ဝန်ကြီးများက ၂၀၂၅ ခုနှစ်၊ မတ်လ၌ အာဆီယံကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ်အဆင့်မြှင့်တင်ခြင်းညှိနှိုင်းမှုများ အပြီးသတ်နိုင်ရေးအတွက် လမ်းညွှန်ချက်ပေးရန် ကိစ္စရပ်များနှင့် အာဆီယံကုန်စည် ကုန်သွယ်ရေးသဘောတူစာချုပ် ဒုတိယအခြေပြစာချုပ် ချုပ်ဆိုရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်များအပေါ် ဆွေးနွေးညှိနှိုင်းခဲ့သည်။ အာဆီယံကုန်စည် ကုန်သွယ်ရေးသဘောတူစာချုပ် အဆင့်မြှင့်တင်ခြင်း ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကို ၂၀၂၂ ခုနှစ်၊ မတ်လတွင်စတင်ခဲ့ပြီး၊ ၂၀၂၅ ခုနှစ် မတ်လတွင် အပြီးသတ်ရန် အာဆီယံနိုင်ငံများက ရည်မှန်းထားသည်။

အစည်းအဝေးသို့ အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိဖြစ်သူ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်နှင့် တာဝန်ရှိသူများလည်း ပါဝင်တက်ရောက်ခဲ့သည်။