သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရှိ ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းများ အတွက် အဖွဲ့အစည်းများနှင့် ကုမ္ပဏီများမှ ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာပစ္စည်းများ လာရောက်ထောက်ပံ့လှူဒါန်းခြင်းနှင့် သင်္ကြန်ကာလအတွက် ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်

အင်အားပြင်း မန္တလေး ငလျင်ကြီးလှုပ်ခတ်မှုကြောင့် ငလျင်ဘေးဒဏ်သင့်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ဝန်ထမ်းများအတွက် တရုတ်နိုင်ငံ CITIC Myanmar Company ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး၊ Myanmar Jiangxi General Chamber of Commerce အဖွဲ့၊ Myanmar Airways International Company Limitedတော်ဝင်ညီညွတ်သော အိမ်ခြံမြေအကျိုးဆောင်အသင်းနှင့်  Mega Lifesciences Limited တို့မှ  ၂၀၂၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် ငွေကြေး၊ စားသောက်ဖွယ်ရာနှင့် လူသုံးကုန်ပစ္စည်းများကို အသီးသီး လာရောက်လှူဒါန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်တို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာများအား ပြန်လည်ပေးအပ်ခဲ့ပါသည်။ ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနရှိ ယာယီ  လူနေခန်းများတွင် နေထိုင်မည့် ဝန်ထမ်းမိသားစုများ ရေအသုံးပြုနိုင်ရန်အတွက် Good Brother Company Limited မှ ရေစက် (၄) လုံး နှင့် Best Oil Company မှ ငွေကျပ် သိန်း (၅၀၀) အား လာရောက်လှူဒါန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

ယနေ့ နေ့လယ်ပိုင်းတွင်  ပြည်ထောင်စုဝန်ကြီးသည်  ဝန်ကြီးဌာနရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ သင်္ကြန်ရုံးပိတ်ရက် ကျရောက်တော့မည်ဖြစ်သဖြင့် ဝန်ထမ်းများ စနစ်တကျ တာဝန်ချထားရေး၊ လာရောက်လှူဒါန်းကြသည့် ငွေကြေးနှင့် ပစ္စည်းများအား စနစ်တကျ လက်ခံ မှတ်တမ်းပြုစုရေး၊  မုတ်သုံရာသီကျရောက်တော့မည့် အချိန်ဖြစ်သဖြင့် ကြိုတင်ပြင်ဆင်ထားမှု  များ ဆောင်ရွက်ရေး၊ ဝန်ထမ်းများအား ဌာနခွဲအလိုက် Guardian စနစ်ဖြင့် အနီးကပ်ကြည့်ရှု့ စောင့်ရှောက်စေရေး၊ သင်္ကြန်ကာလအပြီးတွင် ဝန်ထမ်းများ အင်ပြည့်အားပြည့်ဖြင့် ရုံးလုပ်ငန်း တာဝန်များကို ပြန်လည်ထမ်းဆောင်နိုင်ရေးတို့ မှာကြားခဲ့သည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည်  အရာထမ်း/ အမှုထမ်းများအား မဟာ သင်္ကြန်ကာလ အလှူဒါနနှင့် မိသားစုများ နေထိုင်နိုင်ရေးအတွက် အကြိုထောက်ပံ့ကြေး ငွေကျပ်တစ်သိန်းစီကို ဝန်ထမ်းများအား ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည်  ရုံးဝင်းရှေ့ရှိ  မော်တော်ယာဉ် ရပ်နားဝင်းအတွင်း ဝန်ကြီးဌာန အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသော စတုရန်းပေ ၁၁၀ ကျယ်ဝန်းသည့် ယာယီလူနေခန်းများ တည်ဆောက်ပြီးစီးမှု၊ ထပ်မံတည်ဆောက်လျက်ရှိသော အလွယ်တကူတပ်ဆင်အသုံးပြုနိုင်သည့် အိမ် (Prefabricated Houses)များ တည်ဆောက်နေမှု ၊ ရေချိုးခန်း၊ အိမ်သာ စီစဉ်မှုများ၊  “အတူတူချက်ကြစို့ ရည်ရွယ်ချက်များဖြင့် ဝန်ထမ်းမိသားစုများ စုပေါင်းချက်ပြုတ်စားသောက်ရန်  အများသုံးမီးဖိုဆောင် (Community Kitchen) စီစဉ် ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။