မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက် (ကြာသပတေးနေ့) ၁၅၀၀နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၏ နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲ အခမ်းအနားကို အဆိုပါဌာနရှိ အစည်းအဝေးခန်းမရှေ့တွင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများနှင့်တာဝန်ရှိသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် သံဃာတော် အရှင်သူမြတ်များနှင့် ကြွရောက်လာသည့် ဧည့်ပရိတ်သတ် အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး စမ်းမြိုင်တောရ ကျောင်းတိုက်၏ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တသူရိယထံမှ သရဏံဂုံ သုံးပါးနှင့် ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော်အမှူးပြုသော သံဃာတော် အရှင်သူမြတ် တို့က အန္တရာယ်ကင်း ပရိတ်တရားတော်နှင့် အနန္တရာယိကကမ္မဝါစာများကို ရွတ်ပွားသရဇ္စျာယ် တော်မူကြပြီးနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များက ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ ကာ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ငါးကောင်ရေ ၃၀၀၀ အား ဇီဝိတဒါနအဖြစ် ဝန်ကြီးဌာန အနောက်ဘက်ရှိ လျှိုပိတ်တမံအတွင်းသို့ ကုသိုလ်ပြု လွှတ်ပေးခဲ့ကြကြောင်း သိရသည်။