သတင်းများ


နေပြည်တော်၊ အောက်တိုဘာလ ၈ ရက်

အမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင်သည် Video Conferencing စနစ်ဖြင့် ကျင်းပသည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကြားဖြတ်ပူးတွဲကော်မတီ၏ တတိယအကြိမ်မြောက်အစည်းအဝေးအတွက် အာဆီယံနိုင်ငံများ ကြိုတင် ညှိနှိုင်းအစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) မှ ပါဝင်တက်ရောက် သည်။

အစည်းအဝေးတွင် အင်ဒိုနီးရှားနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Djatmiko Bris Witjaksono က အစည်း အဝေး သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာဆီယံနိုင်ငံများမှ ပူးတွဲကော်မတီ အဖွဲ့ဝင်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး မှ ကိုယ်စားလှယ် များ တက်ရောက်ပါသည်။

အစည်းအဝေးတွင် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု  သဘောတူစာချုပ် အကောင်အထည်ဖော်ရေးအတွက် ပြင်ဆင်မှုများဖြစ်သည့် အကောက်ခွန်လျှော့ချမှုဇယား ချိတ်ဆက်ကူးပြောင်းမှုအခြေအနေ၊ ပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာကိစ္စ ရပ်များ၊ စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစီမံချက်နှင့် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု အတွင်းရေးမှူးချုပ်ရုံး တည်ထောင်ရန်တို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။

အမြဲတမ်းအတွင်းဝန်က ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု  သဘောတူစာချုပ် အကောင်အထည်ဖော်ရေး အတွက် မြန်မာနိုင်ငံက ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်နှင့် ပင်ရင်းနိုင်ငံ စည်းမျဉ်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်နှင့်အတူ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှ အရာရှိများ တက်ရောက်ခဲ့ကြသည်။