သတင်းများ

နေပြည်တော် ၊၂၀၂၁ ခုနှစ် ၊ အောက်တိုဘာ ၁၂ ရက်

၂၀၂၁ ခုနှစ် ၊ အောက်တိုဘာလ ၁၂ ရက်နေ့၊ နေ့လယ်ပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည့် (၁၄) ကြိမ်မြောက် အာဆီယံနှင့် အရှေ့အာရှစီးပွားရေးသုတေသနဌာန (ERIA) အုပ်ချုပ်မှုဘုတ်အဖွဲ့အစည်းအဝေးသို့ မြန်မာနိုင်ငံ၏ အီးအာရ်အိုင် အေ အုပ်ချုပ်မှုဘုတ်အဖွဲ့ဝင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် သည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) မှ ပါဝင်တက်ရောက်သည်။

အဆိုပါ အစည်းအဝေးတွင် ဘရူနိုင်းနိုင်ငံဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီးဌာန၊ စီးပွား ရေးစီမံကိန်းနှင့် စာရင်းအင်းဌာန ညွှန်ကြားရေးမှူးချုပ် နှင့် အီးအာရ်အိုင်အေ အုပ်ချုပ်မှုဘုတ် အဖွဲ့၏ ဥက္ကဋ္ဌ  Mrs. Hajah Mariah Haji Yahya  က  အစည်း အဝေး သဘာပတိအဖြစ် စတင်ဆောင်ရွက်၍ အီးအာရ်အိုင်အေအုပ်ချုပ်မှု ဘုတ်အဖွဲ့ဝင်များဖြစ်သည့် အာဆီယံနိုင်ငံများ၊ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်နိုင်ငံတို့က ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ကျွမ်းကျင်ပညာရှင်များအီးအာရ်အိုင်အေ အကြံပေးကောင်စီအဖွဲ့ဝင်များ၊ အာဆီယံ အတွင်းရေး မှူးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ပါသည်။

အစည်းအဝေး၌ သဘာပတိအဖြစ် ဆောင်ရွက်သော အီးအာရ်အိုင်အေ အုပ်ချုပ်မှုဘုတ် အဖွဲ့၏ ဥက္ကဋ္ဌ  Mrs. Hajah Mariah Haji Yahya  အီးအာရ်အိုင်အေ သုတေသနဌာန၏ President ဖြစ်သူ Professor Hidetoshi Nishimura နှင့် အာဆီယံ အတွင်း ရေးမှူးချုပ် Dato Paduka Lim Jock Hoi  တို့က အမှာစကားများ ပြောကြားခဲ့သည်။ အစည်းအဝေးက  အီးအာရ်အိုင်အေ အုပ်ချုပ်မှုဘုတ်အဖွဲ့၏ ဥက္ကဋ္ဌအသစ်အဖြစ် ဖိလစ်ပိုင်နိုင်ငံ၊ Ateneo Center for Economic Research and Development (ACERD)၏ အကြီးတန်းသုတေသနပညာရှင်နှင့် Ateneo de Manila University ၏ စီးပွားရေးပါမောက္ခ Professor Dr. Cielito F. Habito အား ရွေးချယ်ခဲ့ပါသည်။

ဆက်လက်၍ အီးအာရ်အိုင်အေ၏ Chief Economist Prof. Fukunari Kimura  က ကိုဗစ်-၁၉ အလွန်ကာလတွင် ကမ္ဘာ တစ်ဝှမ်းလုံးနှင့် ဒေသတွင်း စီးပွားရေးအပါ် သက်ရောက်နိုင်သည့် အခြေအနေများကိုလည်းကောင်း၊ Senior Policy Fellow Prof. Jun Arima က အရှေ့အာရှနိုင်ငံများအတွက် ဆောင်ရွက်သည့် စွမ်းအင်မူဝါဒဆိုင်ရာလေ့လာမှု လမ်းပြမြေပုံ (၂၀၂၀- ၂၀၂၂)  ကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။  ထို့နောက် အာဆီယံ အတွင်းရေးမှူးချုပ်နှင့် အီးအာရ်အိုင်အေ အုပ်ချုပ်မှု ဘုတ်အဖွဲ့ဝင်များက အနာဂတ် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် အီးအာရ်အိုင်အေက အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည့် သုတေသနအစီအစဉ်များကို အကြံပြုဆွေးနွေးပါသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ကိုဗစ်-၁၉  ကပ်ရောဂါဖြစ်ပွားမှုကြောင့် ဒေသတွင်းသာမက ကမ္ဘာ့စီးပွားရေးလုပ်ငန်း ကဏ္ဍအသီးသီးတွင် ဒစ်ဂျစ်တယ်နည်းပညာကို တွင်တွင်ကျယ်ကျယ် သုံးစွဲလျက်ရှိပါကြောင်း၊ သို့ရာတွင် အသေးစား၊ အငယ် စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ဒစ်ဂျစ်တယ်နည်းပညာကို သုံးစွဲရာတွင် သတင်းအချက်အလက် လုံခြုံမှု၊ ယှဉ်ပြိုင်မှု၊ အွန်လိုင်းမှ ငွေပေးချေမှုတို့နှင့်စပ်လျဉ်း၍ ယုံကြည်စိတ်ချစွာ ဆောင်ရွက်နိုင်ရန် စိန်ခေါ်မှုများ ရှိနေပါကြောင်း၊ အာဆီယံနှင့် အရှေ့အာရှနိုင်ငံများရှိ SMEs များအကြား နည်းပညာဆိုင်ရာ ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရန်အတွက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များကို ERIA သုတေသနလုပ်ငန်းများနှင့် အချိတ်အဆက်မိမိ လုပ်ဆောင်သွား ရန်လိုကြောင်း အကြံပြုပြောကြားခဲ့သည်။ ထို့ပြင် ဒုတိယဝန်ကြီးက ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု သဘောတူစာချုပ်(RCEP)၏ အာဆီယံနိုင်ငံများနှင့် အရှေ့အာရှနိုင်ငံများအပေါ် အကျိုးသက်ရောက်မှုနှင့် စပ်လျဉ်း၍ သုတေသနအဆင့်(၁) ပြုလုပ်မည့် အီးအာရ်အိုင်အေ၏ အဆိုပြုချက်ကို ထောက်ခံပါကြောင်း၊ စာချုပ်တွင် ဖွံ့ဖြိုးမှုအဆင့် မတူညီသည့် အဖွဲ့ဝင်နိုင်ငံများလည်း ပါဝင်သဖြင့် အဆိုပါသုတေသနမှ ပေါ်ထွက်လာမည့် အကြံပြုချက်များက ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို အကောင် အထည်ဖော်မည့် အနာဂတ် လုပ်ငန်းအစီအစဉ် ရေးဆွဲ ရာတွင် အထောက်အပံ့ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးနှင့်အတူ  နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာနမှ အရာရှိများလည်း ပါဝင်တက်ရောက် သည်။