သတင်းများ


(နေပြည်တော်၊ဩဂုတ်၂၀)
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ် အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဖြစ်သော Myanmar Golden Produce Co.,Ltd၏ ပြည်တွင်းထွက် သစ်သီးဝလံနှင့် သီးနှံများကို တန်ဖိုးမြှင့်ထုတ်လုပ်သည့်စက်ရုံသို့ ကြည့်ရှုအားပေးခဲ့ ပါသည်။
ထိုသို့ရောက်ရှိစဉ် ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်နှောင်းနှောင်းဝင်းက တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်မှု၊ ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းရောင်းချမှု လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ပြည်တွင်း ထုတ်လုပ်မှုမြှင့်တင်ရေး၊ ဈေးကွက်တိုးချဲ့ရရှိရေး၊ ပြည်ပ တင်ပို့မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး နိုင်ငံတော်အစိုးရမှ ဆောင်ရွက် သွားမည့် အစီအစဉ်များနှင့် လုပ်ငန်းတွင် လက်ရှိကြုံတွေ့နေရသော အခက်အခဲ များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ကန်ထရိုက် လယ်ယာစနစ်ဖြင့် စပ်မျိုးစပါးများထုတ်လုပ်၍ ပြည်ပတင်ပို့ခြင်း၊ အထွက်တိုးစပါးမျိုးစေ့ ထုတ်လုပ်၍ ပြည်တွင်းဖြန့်ချီရောင်းချခြင်း၊ ပြည်တွင်းစပါးမျိုးများကို မျိုးမြှင့်တင်၍ မျိုးစေ့ ထုတ်လုပ်ခြင်းနှင့် ပြည်ပတွင် ဈေးကွက်ဝင်သည့် စပါးများ စိုက်ပျိုးထုတ်လုပ်၍ ဆန်ကြိတ်ခွဲပြီး ပြည်ပတင်ပို့သည့် လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် MAYLP Agriculture Co.,Ltd သို့ သွားရောက်ခဲ့ပါသည်။
အဆိုပါစက်ရုံသို့ ရောက်ရှိစဉ် ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးစိုးလင်းထွန်း က နေပြည်တော်ဒေသအနီးတစ်ဝိုက်ရှိ မြို့နယ်များတွင် တောင်သူလယ်သမား များနှင့် အကျိုးတူပူးပေါင်း၍ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်တွင်း ထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှု အခြေအနေများ၊ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ တင်ပြခဲ့ရာ  ပြည်ထောင်စုဝန်ကြီးက တောင်သူလယ်သမားများနှင့် ကန်ထရိုက် လယ်ယာစနစ် တိုးမြှင့် ဆောင်ရွက်နိုင်ရေးနှင့် ပြည်ပဈေးကွက်ဝယ်လိုအား ကောင်းမွန်သော ပြည်တွင်းစပါးမျိုးများ တိုးချဲ့ထုတ်လုပ်နိုင်ရေး ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ လိုအပ်သည်များ အကြံပြုဆွေးနွေးပေးခဲ့ပြီး ကုမ္ပဏီမှ တင်ပြလာသည့် အခက်အခဲများကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်၊ ကျီအင်းကျေးရွာ အုပ်စုရှိ နေပြည်တော်တစ်ဝိုက် မြို့နယ်အသီးသီးမှ တောင်သူ လယ်သမားများနှင့် အကျိုးတူ ကန်ထရိုက်စနစ်ဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်၍ ဟင်းသီးဟင်းရွက်အေးခဲထုတ်လုပ်ပြီး  ပြည်ပသို့ တင်ပို့လျက်ရှိသည့် Myanmar Agri Foods Co.,Ltd သို့ သွားရောက်ခဲ့ပါသည်။ ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးရဲမြင့်မောင်က လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး၊ တောင်သူ လယ်သမားများနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ပြီး တောင်သူလယ်သမားများ ဝင်ငွေပိုမိုရရှိရေးနှင့်  ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ဆွေးနွေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးကာ စက်ရုံအတွင်း လုပ်ငန်း‌ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။