၀န်ကြီးဌာနသတင်းများ


နေပြည်တော်၊ ဇန်နဝါရီလ ၂၆ ရက်
ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (စီအယ်လ်အမ်ဗွီ) နိုင်ငံတို့အတွက် ဆောင် ရွက်မည့် စီအယ်လ်အမ်ဗွီ ဖွံ့ဖြိုးတိုးတက်မှုမူဘောင် (Framework for CLMV Development) ကို အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ်ရေးဆွဲရေးနှင့် စပ်လျဉ်းသည့်  ဒုတိယအကြိမ် အမျိုးသားအဆင့် ဆွေးနွေးညှိနှိုင်းပွဲမတိုင်မီ အကြိုညှိနှိုင်းအစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊မြန်မာနိုင်ငံ၏ စီအယ်လ်အမ်ဗွီ အဆင့်မြင့်စီးပွားရေး အရာရှိ ဒေါက်တာဝါဝါမောင်က ဦးဆောင်၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ရာ ဘာသာရပ်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့်ပုဂ္ဂလိကကဏ္ဍတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အစည်းအဝေး၌ အမြဲတမ်းအတွင်းဝန်က အမှာစကားပြောကြားရာတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် မဲခေါင်သိပ္ပံမှ ဦးဆောင်ကျင်းပမည့် စီအယ်လ် အမ်ဗွီ ဖွံ့ဖြိုးတိုးတက်မှု မူဘောင်ကို အကောင်အထည်ဖော် မည့်လုပ်ငန်းအစီအစဉ် ရေးဆွဲရေးနှင့်စပ်လျဉ်းသည့် ဒုတိယအကြိမ်အမျိုးသားအဆင့်ဆွေးနွေးညှိနှိုင်းပွဲတွင် ဘာသာရပ် ဆိုင်ရာဌာနများက ထိထိရောက်ရောက်ပါဝင်ဆွေးနွေးနိုင်ရေးအတွက် ရည်ရွယ်၍ ယနေ့အစည်း အဝေးကို ခေါ်ယူခြင်း ဖြစ်ကြောင်း၊ မဲခေါင်သိပ္ပံမှပေးပို့ထားသည့် အကောင်အထည် ဖော် မည့် လုပ်ငန်းအစီအစဉ်(မူကြမ်း)တွင် ပါဝင်သည့်  လုပ်ငန်းစဉ်များကို အသေအချာ စိစစ်လေ့လာရန် လိုအပ်ကြောင်း၊ ဒေသခွဲအဆင့်၌ အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် များကို မိမိတို့နိုင်ငံ၏ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ချိတ်ဆက်စဉ်းစားရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဆောင်ရွက်ရန် လိုအပ်နေသည့် လုပ်ငန်းစဉ်များကို  ဒေသခွဲအဆင့်တွင် အကောင်အထည် ဖော်မည့် လုပ်ငန်းများတွင် ထည့်သွင်းထားခြင်းအားဖြင့် ကျွဲကူးရေပါဆိုသကဲ့သို့ မိမိတို့နိုင်ငံ၏ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပြီး သား ဖြစ်စေမည်ဖြစ်ကြောင်း၊  လုပ်ငန်း အစီအစဉ်တွင် ဖော်ပြထားသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ကြုံတွေ့နိုင်သည့် စိန်ခေါ်မှုများကို သာမက အသစ်ထပ်မံထည့်သွင်းလိုသည့် လုပ်ငန်း များကို လည်း ညှိနှိုင်းဆွေးနွေးပွဲတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးစေလိုကြောင်း  ထည့်သွင်း ပြောကြား ခဲ့သည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူ များက စီအယ်လ်အမ်ဗွီဖွံ့ဖြိုးတိုးတက် မှုမူဘောင်ကို အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ်ရေးဆွဲမှုနှင့်စပ်လျဉ်းပြီး မေးမြန်း ဆွေးနွေးချက်များအပေါ် အမြဲတမ်းအတွင်းဝန်က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။
 စီအယ်လ်အမ်ဗွီဖွံ့ဖြိုးတိုးတက်မှုမူဘောင်ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ကျင်းပသော (၁၁) ကြိမ်မြောက် စီအယ်လ်အမ်ဗွီစီးပွားရေးဝန်ကြီး များအစည်းအဝေးတွင် အတည်ပြုခဲ့သည်။ စီအယ်လ်အမ်ဗွီဖွံ့ဖြိုးတိုးတက်မှုမူဘောင်သည် စီအယ်လ်အမ်ဗွီနိုင်ငံများအား ၂၀၃၀ပြည့်နှစ်တွင် ရေရှည်တည်တံ့သော အလယ်အလတ် အထက် အဆင့်ဝင်ငွေရှိသည့်နိုင်ငံများ ဖြစ်ပေါ်စေရန် ရည်မှန်းထားသည်။ အဆိုပါ ရည်မှန်းချက် ကို ပြည့်မြောက်စေရေးအတွက် ပေါင်းစပ်ဆက်သွယ်မှု(Connectivity)၊ အထောက်အပံ့ပေး နိုင်မည့် အစီအမံများ (Enablers) နှင့် နှိုင်းယှဉ်အကျိုးကျေးဇူးရှိသောကဏ္ဍများ (Sectors with Comparative Advantage) စသည့် နယ်ပယ် (၃) ရပ်အပေါ် အခြေပြုဆောင်ရွက်ရန် မူဘောင် တွင် ဖော်ပြထားပါသည်။
မဲခေါင်သိပ္ပံသည် စီအယ်လ်အမ်ဗွီ ဖွံ့ဖြိုးတိုးတက်မှုမူဘောင်ကို အကောင်အထည်ဖော် မည့် လုပ်ငန်းအစီအစဉ်ရေးဆွဲရေးအတွက် အကြံပေးအဖွဲ့အဖြစ် ဆောင်ရွက်လျက်ရှိပြီး လာအို နိုင်ငံအတွက် ပထမအကြိမ် အမျိုးသားအဆင့် ဆွေးနွေး ညှိနှိုင်းပွဲကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၃၀  ရက်နေ့တွင်လည်းကောင်း၊  မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အတွက်  ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင်လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံအတွက် ဒီဇင်ဘာလ ၉ ရက်နေ့တို့တွင်   အသီးသီး ကျင်းပပေး ခဲ့ပြီး ဖြစ်သည်။ အဆိုပါ ပထမအကြိမ်ဆွေးနွေးညှိနှိုင်းပွဲတွင် စီအယ်လ် အမ်ဗွီ (၄) နိုင်ငံမှ ဆွေးနွေးချက်များအပေါ် မူတည်ပြီး အကောင်အထည်ဖော်မှု အစီအစဉ် (မူကြမ်း) ကို ပြုစုခဲ့ ပါသည်။ ဒုတိယအကြိမ်ဆွေးနွေးညှိနှိုင်းပွဲကိုလည်း မြန်မာနိုင်ငံ အပါအဝင် ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့တွင် အသီးအသီးကျင်းပပြီး အကောင်အထည်ဖော် မှုအစီအစဉ်အပေါ် ဆက်လက်ဆွေးနွေးညှိနှိုင်းမည်ဖြစ်သည်။  စီအယ်လ်အမ်ဗွီ (၄) နိုင်ငံတွင် အမျိုးသားအဆင့် ဆွေးနွေးညှိနှိုင်းပွဲ (၂) ကြိမ် စီ အသီးသီးကျင်းပပြီးနောက် (၄) နိုင်ငံစလုံး ပါဝင်သည့် ဒေသခွဲအဆင့်အလုပ်ရုံဆွေးနွေးပွဲကို လည်း ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပ၍ အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ်ကို ဆက်လက်ညှိနှိုင်းသွားမည်ဖြစ်သည်။  စီအယ်လ်အမ်ဗွီဖွံ့ဖြိုးတိုးတက်မှုမူဘောင်ကို အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ် (အပြီးသတ်မူကြမ်း) အား ၂၀၂၂ ခုနှစ် ဧပြီလအတွင်း ရေးဆွဲပြီးစီးနိုင်ရန် ရည်မှန်းထားသည်။