၀န်ကြီးဌာနသတင်းများ

အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် အသေးစားဖွံ့ဖြိုးမှု စီမံချက် များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို မြန်မာနိုင်ငံဘက်မှ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်၍လည်းကောင်း၊ အိန္ဒိယ နိုင်ငံဘက်မှ ရန်ကုန်မြို့ရှိ အိန္ဒိယနိုင်ငံသံရုံးမှ သံရုံး ဒုတိယအကြီးအကဲ Mr. Ashish Sharma တို့ ဦးဆောင်၍လည်းကောင်း ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ထိုသို့ဆွေးနွေးရာတွင် နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် အကူအညီအထောက် အပံ့ ပေးရေးကိစ္စရပ်များ၊ မြန်မာ- အိန္ဒိယ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သည့်  အသေး စား ဖွံ့ဖြိုးမှုစီမံချက်များ (Small Development Projects- SDP) အကူအညီ ပေးရေးဆိုင်ရာ နားလည်မှု စာချွန်လွှာအောက်မှ စီမံချက်များအား ဆောင်ရွက်ရန်ကိစ္စ၊  ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီး ဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနစသည့် ဝန်ကြီးဌာန ၉ ခုတို့မှ အဆိုပြုခဲ့သည့် စီမံကိန်း အဆိုပြုလွှာများကို အသုတ်လိုက် စိစစ်ပြီးစီးသည့် အခြေအနေ၊ အဆိုပါစီမံချက်များအပေါ် အပြန်အလှန် အကြံပြု၍ အိန္ဒိယဘက်မှ ထပ်မံလိုအပ်သည့် အချက်အလက်များကိုအသေးစိတ်ညှိနှိုင်းဆွေးနွေးခြင်းတို့အားဆောင်ရွက်ကြသည်။အဆိုပါအစည်း အဝေးသို့  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာနမှ အဆင့်မြင့်အရာရှိကြီး များ တက်ရောက်ကြသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန/ အဖွဲ့အစည်းများ အကြား အကူအညီအထောက်အပံ့နှင့် နည်းပညာအကူအညီစီမံကိန်းများ အကောင်အထည်ဖော်ရန် တာဝန်ခံဝန်ကြီးဌာနအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

အသေးစားဖွံ့ဖြိုးမှုစီမံချက်များသည် အိန္ဒိယနိုင်ငံမှ  မြန်မာနိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု အတွက် အခြေခံအဆောက်အအုံ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍများတွင် အချိန်တိုအတွင်း ထိရောက်စွာ အကျိုးရှိ အကောင်အထည်ဖော်နိုင်မည့် စီမံကိန်းများ ကို စီမံချက်တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၂ သန်းအောက် ပမာဏဖြင့် ဆောင်ရွက်နိုင်သည့် အကူ အညီစီမံချက်များ (Grant Projects) ဖြစ်ကြောင်း သိရှိရပါသည်။