၀န်ကြီးဌာနသတင်းများ




နေပြည်တော်၊ ဩဂုတ်လ ၂၇ ရက်

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦး‌သောင်းထွန်းသည် ယနေ့နံနက် ၇ နာရီခွဲတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) ဝန်ကြီးများ၏ (၈) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးသို့ ရုံးအမှတ် (၁) မှ ပါဝင်တက်ရောက် ဆွေးနွေးသည်။

အစည်းအဝေး၌ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကုန်သွယ်ရေး ညှိနှိုင်းမှုကော်မတီ ဥက္ကဋ္ဌက RCEP သဘောတူစာချုပ် ညှိနှိုင်းမှုတွင် ဈေးကွက်ဖွင့်လှစ်ပေးရေး နှစ်နိုင်ငံညှိနှိုင်းမှုများ ၁၀၀ ရာခိုင်နှုန်းပြီးစီးမှုအခြေအနေကို တင်ပြခဲ့ပြီး RCEP သဘောတူ စာချုပ်ကို ၂၀၂၀ ပြည့်နှစ်တွင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် ကိစ္စရပ်များကို ဝန်ကြီးများထံမှ လမ်းညွှန်မှုခံယူခဲ့သည်။

အစည်းအဝေးတွင် ဝန်ကြီးများက ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် အဖွဲ့ဝင်နိုင်ငံ များအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ချက်များအပေါ် မကြုံစဖူး စိန်ခေါ်မှုများ ရှိနေချိန်တွင် အဖွဲ့ဝင်နိုင်ငံများအကြား မရှိမဖြစ် အရေးပါသော ကုန်စည်နှင့် ဝန်ဆောင်မှု များအတွက် ဈေးကွက်ဆက်လက်ဖွင့်လှစ်ထားရေးအပြင် ကမ္ဘာ့ကပ်ရောဂါကို အတူတကွ ရင်ဆိုင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု များကို တိုးမြှင့်သွားရန် သဘောတူကြသည်။ ဝန်ကြီးများက လတ်တလောဖြစ်ပေါ်လျက်ရှိသည့် COVID-19 ၏ သက်ရောက်မှုများကြောင့် မရေမရာဖြစ်နေသည့် ကမ္ဘာလုံးဆိုင်ရာ အခြေအနေ မျိုးတွင် သဘောတူစာချုပ်၏ အရေးပါမှုကို အသိအမှတ်ပြုကြပြီး RCEP ကို လက်မှတ်ရေးထိုးခြင်းသည် စီးပွားရေးအရ ယုံကြည်မှု တိုးတက်စေခြင်း၊ ဒေသတွင်း စီးပွားရေးအဆောက်အဦကို ပိုမိုအားကောင်းစေခြင်း၊ ဒေသတွင်း နှင့် ကမ္ဘာလုံးဆိုင်ရာ စက်မှုကဏ္ဍချိတ်ဆက်မှုနှင့် ထောက်ပံ့မှုကွင်းဆက်များ တည်ငြိမ်ရေးတို့ကို ထိန်းသိမ်းနိုင်ခြင်းတို့အပြင် အားလုံးပါဝင်၍ ပွင့်လင်းမြင်သာမှုရှိသော စည်းမျဉ်းအခြေခံ နိုင်ငံစုံကုန်သွယ်မှုစနစ်အား ထောက်ခံမှုကို ပြသနိုင်မည်ဖြစ်ကြောင်း  အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ ဝန်ကြီးများက RCEP သဘောတူစာချုပ်သည် ကမ္ဘာ့ကပ်ရောဂါအလွန် ပြန်လည်ထူထောင်ရေးတွင်သာမက ဒေသတွင်းနှင့် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်မှုအတွက် သိသာထင်ရှားသည့် အခန်းကဏ္ဍက ပါဝင်လျက်ရှိကြောင်းကိုလည်း ထပ်လောင်း ပြောကြားသည်။ ထို့အပြင် ဝန်ကြီးများက RCEP သဘောတူစာချုပ်ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပမည့် (၄) ကြိမ်မြောက် RCEP ထိပ်သီးအစည်းအဝေးတွင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် သိသာစွာ ကြိုးပမ်းဆောင်ရွက်နိုင်မှုများအတွက် ချီးကျူးကြ သည်။

လတ်တလောတွင် RCEP သဘောတူစာချုပ်၌ အိန္ဒိယနိုင်ငံပါဝင်ခြင်း မရှိသေးသော် လည်း အိန္ဒိယနိုင်ငံသည် RCEP စတင်ညှိနှိုင်းသည့် ၂၀၁၂ ခုနှစ်ကတည်းက ညှိနှိုင်းမှုများတွင် ပါဝင်ခဲ့ခြင်း၊ အိန္ဒိယနိုင်ငံပါဝင်ခြင်းသည် ဒေသတွင်း သာယာဝပြောမှုအတွက် အထောက်အပံ့ ဖြစ်သည်ကို အသိအမှတ်ပြုခြင်းတို့ကြောင့် RCEP သဘောတူစာချုပ်ကို အိန္ဒိယနိုင်ငံအတွက် ဆက်လက်လမ်းဖွင့်ပေးထားကြောင်းကို ဝန်ကြီးများက ထပ်လောင်း အတည်ပြုကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဈေးကွက်ဖွင့်လှစ်ပေးရေးဆိုင်ရာ နှစ်နိုင်ငံ ညှိနှို်ငးမှုများကို အပြည့်အဝ အပြီးသတ်နိုင်အောင် အပြန်အလှန် ဖြေလျှော့မှုများပေးခဲ့ကြသော သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများအား ချီးကျူးဂုဏ်ပြုပါကြောင်း၊ ခေါင်းဆောင်များ၏ လမ်းညွှန်ချက် အတိုင်း RCEP သဘောတူစာချုပ်ကို ယခုနှစ် နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် မိမိတို့၏ နိုင်ငံအလိုက် ပြည်တွင်းလုပ်ထုံးလုပ်နည်းများကို အချိန်မီပြီးစီးအောင် ဆောင်ရွက် ကြရန် လိုအပ်ကြောင်းကို အလေးပေးပြောကြားသည်။

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံနှင့် ဩစတြေးလျ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်နိုင်ငံမှ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးများ၊ ကုန်သွယ်ရေး ညှိနှိုင်းမှုကော်မတီ သဘာပတိနှင့် အဖွဲ့ဝင်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။