၀န်ကြီးဌာနသတင်းများ

နေပြည်တော်၊ နိုဝင်ဘာလ ၁၁ ရက်

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦး‌သောင်းထွန်းသည် ယနေ့နံနက် ၈:၃၀ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) ထိပ်သီးအစည်းအဝေးမတိုင်မီ ကျင်းပသော စီးပွားရေးဝန်ကြီးများ၏ အကြိုညှိနှိုင်းအစည်းအဝေးသို့ ပါဝင် တက်ရောက်သည်။


အစည်းအဝေးကို ဗီယက်နမ်နိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဝန်ကြီး H.E. Tran Tuan Anh က သဘာပတိ အဖြစ်ဆောင်ရွက်ပါသည်။ အစည်းအဝေး၌ ကုန်သွယ်ရေး ညှိနှိုင်းမှု ကော်မတီဥက္ကဋ္ဌ၊ အင်ဒိုနီးရှားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးညှိနှိုင်းမှု ညွှန်ကြားရေးမှူးချုပ် Mr. Iman Pambagyo က ကုန်သွယ်ရေးညှိနှိုင်းမှုကော်မတီ၏ အစီရင်ခံစာကို ဝန်ကြီးများထံ တင်ပြပါသည်။ ဝန်ကြီးများက ၈ နှစ်တာကြာမြင့်ခဲ့သည့် RCEP ညှိနှိုင်းမှုများကို ရလဒ်ကောင်းများ ပေါ်ထွက် လာအောင် ကြိုးပမ်းအားထုတ်ခဲ့သည့် ကုန်သွယ်ရေးညှိနှိုင်းမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားလုံးကို ချီးကျူးဂုဏ်ပြု စကားအသီးသီး ပြောကြားပြီး ကုန်သွယ်ရေးညှိနှိုင်းမှု ကော်မတီဥက္ကဋ္ဌ၏  အစီရင်ခံစာကို ဆွေးနွေးအတည်ပြုပါသည်။


ဝန်ကြီးများက RCEP သဘောတူစာချုပ်ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုး နိုင်တော့မည်ဖြစ်ရာစာချုပ်မှ ရရှိလာမည့် အခွင့်အလမ်းများကို ထိထိရောက်ရောက် အသုံးပြုနိုင်ရန်အတွက်  စာချုပ် အသက်ဝင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းများ၏ အရေးပါမှုကို အလေးပေးပြောကြားပြီး အဆိုပါလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရန် RCEP ကြားဖြတ်ပူးတွဲကော်မတီအား ဖွဲ့စည်းရန် သဘောတူကြပါသည်။ ထို့နောက် ဝန်ကြီးများက RCEP သဘောတူစာချုပ်ကို မကြာမီကျင်းပမည့် (၄) ကြိမ်မြောက် RCEP ထိပ်သီးအစည်းအဝေးတွင် လက်မှတ်ရေးထိုးရန် အဆင်သင့် ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုကြပြီး အဆိုပါထိပ်သီး အစည်းအဝေးတွင် အတည်ပြုထုတ်ပြန်မည့် ခေါင်းဆောင်များ၏ ပူးတွဲကြေညာချက်နှင့် RCEP တွင် အိန္ဒိယနိုင်ငံ ပါဝင်ရေးဆိုင်ရာ ဝန်ကြီးများ၏ကြေညာချက်တို့ကိုလည်း သဘောတူကြ ပါသည်။


ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် RCEP သဘောတူစာချုပ် ညှိနှိုင်းပြီးစီးရေး အတွက် အာဆီယံစီးပွားရေး ဝန်ကြီးများ အစည်းအဝေးဥက္ကဋ္ဌအဖြစ် ၂၀၂၀ ပြည့်နှစ် တစ်နှစ်လုံး တွင် ဦးဆောင်ခဲ့သော ဗီယက်နမ်နိုင်ငံကို ချီးကျူးဂုဏ်ပြု ပါကြောင်း၊ RCEP ဆွေးနွေးညှိနှိုင်းမှု တစ်လျှောက်လုံးတွင် လိုအပ်သော အကူအညီ အထောက်အပံ့များပေးခဲ့သည့် အာဆီယံ အတွင်းရေးမှူးချုပ်နှင့် ရုံးအဖွဲ့၊ သဘောတူစာချုပ်ကို အောင်မြင်စွာချုပ်ဆိုနိုင်အောင် ကြိုးပမ်း အားထုတ်ခဲ့သည့် ကုန်သွယ်ရေးညှိနှိုင်းမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားလုံးကိုလည်း ကျေးဇူးတင်ပါကြောင်း ပြောကြားပါသည်။


RCEP သဘောတူစာချုပ်သည် အဖွဲ့ဝင်နိုင်ငံ (၁၅) နိုင်ငံပါဝင်သည့်အတွက် ကမ္ဘာ့လူဦးရေ၏ ၃၀% ကိုလည်းကောင်း၊ ကမ္ဘာ့စီးပွားရေး၏ ၃၀% နှင့် ကမ္ဘာ့ကုန်သွယ်မှု၏ ၂၈% နီးပါးကို လည်းကောင်း ကိုယ်စားပြုထားသဖြင့် ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး သဘောတူစာချုပ်များ အနက် တစ်ခုအပါအဝင် ဖြစ်လာမည် ဖြစ်ပါသည်။ 


RCEP ၏ အဖွဲ့ဝင်နိုင်ငံများတွင် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ပါဝင်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် RCEP သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းဖြင့် မိမိတို့နိုင်ငံ၏ ထုတ်ကုန်များကို ပိုမိုကျယ်ပြန့်သည့် ကမ္ဘာ့ အဆင့်မြင့်ဈေးကွက်များသို့ တင်ပို့နိုင်မည့် အခွင့်အလမ်းများ ရရှိမည်ဖြစ်ပါသည်။ ထို့အပြင် သဘောတူစာချုပ်ပါ စည်းမျဉ်း စည်းကမ်းများနှင့်အညီ မြန်မာနိုင်ငံသို့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော အရည်အသွေးမြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင် လာနိုင်မည့် အခွင့်အရေးကိုလည်း ရရှိနိုင်မည်ဖြစ်ပါသည်။ ၎င်းအပြင် ဖွံ့ဖြိုးပြီးနိုင်ငံ များနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်များမှတစ်ဆင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကဏ္ဍအသီးသီးရှိ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်ကိုလည်း နိုင်ငံတကာအဆင့်မီ သဘောတူစာချုပ်ပါ ပြဋ္ဌာန်းချက်များနှင့် အညီ လိုက်ပါအကောင် အထည်ဖော် ရန်အတွက် မြှင့်တင်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းရရှိမည် ဖြစ်ပါသည်။


အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံနှင့် ဩစတြေးလျ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား နှင့် နယူးဇီလန်နိုင်ငံတို့မှ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်၊ ကုန်သွယ်ရေးညှိနှိုင်းမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။