၀န်ကြီးဌာနသတင်းများ






နေပြည်တော် အောက်တိုဘာလ ၁၇ ရက်

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ယနေ့နံနက်ပိုင်းတွင် “Inspiring the Present, Envisioning the Future” ခေါင်းစဉ်ဖြင့် ကျင်းပသော University of New South Wales Virtual ASEAN Conference 2020 သို့ တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အနာဂတ် မျိုးဆက်သစ်များအတွက် အကောင်းဆုံး သိပ္ပံနှင့်နည်းပညာဗဟိုဌာနတစ်ခုအဖြစ် နယူးဆောက်ဝေးလ် တက္ကသိုလ် (UNSW) ၏ ကျော်ကြားမှုကို အသိအမှတ်ပြု ပြောကြားခဲ့ပြီး UNSW တွင် မြန်မာနိုင်ငံမှ ပညာသင်ရောက်ရှိနေသည့် ကျောင်းသားများကိုလည်း လေ့လာသင်ယူခဲ့သည့် အသိအမြင်နှင့် ကျွမ်းကျင်မှုများအား မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံး အသုံးချနိုင်ရန် အစိုးရ နှင့် ပုဂ္ဂလိက ကဏ္ဍများမှ ကြိုဆိုလျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ယနေ့သည် အပြည်ပြည်ဆိုင်ရာ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးနေ့ နှင့် တိုက်ဆိုင်နေခြင်းကြောင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စွမ်းဆောင်မှုများ ရှင်းလင်းပြောကြားခဲ့ပြီး စီးပွားရေးနှင့် နိုင်ငံရေး ကဏ္ဍများတွင် အမျိုးသမီးများ ပိုမိုပါဝင်လာမှုတို့ကို ထည့်သွင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ ဖြစ်သော ရာသီဥတုပြောင်းလဲမှု၊ ကမ္ဘာ့နိုင်ငံများအကြား ကုန်သွယ်ရာတွင် စည်းမျဉ်းအခြေခံသည့် ကုန်သွယ်မှုကို ထူထောင်ဆောင်ရွက်ရန် လိုအပ်မှု၊ နိုင်ငံများအတွင်း ဆင်းရဲ၊ ချမ်းသာ ကွာဟမှု မြင့်တက်လာခြင်းကို တစ်ကမ္ဘာလုံးက ရင်ဆိုင် ဖြေရှင်းဆောင်ရွက်နေချိန်တွင် COVID-19 ကပ်ရောဂါ သက်ရောက်မှုများပါ ထပ်ဆင့် ခံစားနေရသဖြင့် မျိုးဆက်သစ် လူငယ်များ အနေဖြင့် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်း ပြောကြား ခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက ၁၉၉၀ မှ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးသူ ဦးရေကို ထက်ဝက် လျှော့ချနိုင်ခဲ့ကြောင်း၊ ငှက်ဖျားရောဂါကို ပပျောက်အောင် ဆောင်ရွက်နိုင်ခဲ့သလို စာမတတ်သူပပျောက်ရေးကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့ GDP ၏ ၃၀ ရာခိုင်နှုန်းအထိ ကိုယ်စားပြုမည့် ဒေသတွင်း သာယာဝပြောမှုနှင့် လုံခြုံမှုကို မျှဝေခံစားနိုင်မည့် အာဆီယံ ၁၀ နိုင်ငံနှင့် ဩစတြေးလျ၊ တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် နယူးဇီလန်နိုင်ငံတို့ ပါဝင်သည့် ဒေသတွင်းဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုက ကမ္ဘာ့ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို ပိုမိုတိုးမြှင့်ရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် သာယာဝပြောရေးအတွက် ဩစတြေးလျနိုင်ငံ၏ ပူးပေါင်း ကူညီပေးခဲ့မှုအတွက် ဩစတြေးလျပြည်သူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ညီလာခံကို ၃ရက်ကြာ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းသိရှိရသည်။