သတင်းများ

(၁၈) ကြိမ်မြောက် အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ ပူးတွဲကော်မတီ အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့၌ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဒေါက်တာဝါဝါမောင် ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ဘရူနိုင်းနိုင်ငံ၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီးဌာနမှ Mr. Yusdiman Saman ၊ ဩစတြေးလျနိုင်ငံ၊ နိုင်ငံခြားရေးနှင့်ကုန်သွယ်ရေးဌာနမှ Ms. Juliana Nam နှင့် နယူးဇီလန်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ Mr. Keawe Woodmore တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပူးတွဲ ကော်မတီ အဖွဲ့ဝင်များနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူ များ ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ပူးတွဲကော်မတီ ခေါင်းဆောင်များက အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ ထူထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ် အဆင့်မြှင့်တင်ခြင်းအတွက် ပူးတွဲကော်မတီအောက်ရှိ လုပ်ငန်းအဖွဲ့များ၏ ညှိနှိုင်း ဆွေးနွေးမှုရလဒ်များကို ကြိုဆိုခဲ့ပြီး လုပ်ငန်းအဖွဲ့များ၏ အစီရင်ခံများအပေါ် ဆွေးနွေး ခဲ့သည်။ လုပ်ငန်းအဖွဲ့များက တင်ပြလာသည့် ညှိနှိုင်းရန် ကျန်ရှိနေသည့် ကိစ္စရပ်များအပေါ် လမ်းညွှန်မှုပေးခဲ့ကြသည်။

အစည်းအဝေးတွင် ပူးတွဲကော်မတီ၏ လုပ်ငန်းအစီအစဉ်၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေ အပေါ် မှတ်တမ်းတင်ခဲ့ပြီး အာဆီယံ- ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှု ဒေသ အကောင်အထည်ဖော်ရေး အထောက်အကူပြု အစီအစဉ်ကို အောင်မြင်စွာ အကောင် အထည်ဖော်သွားနိုင်ရေးအတွက် ဆွေးနွေးခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့တွင် ကုန်သွယ်မှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့်  (၉) ကြိမ်မြောက် အာဆီယံ- ဩစတြေးလျ၊ နယူးဇီလန် ပေါင်းစည်းရေးဖိုရမ်၏ ဆွေးနွေးမှုရလဒ်များအား မှတ်တမ်းတင်ခဲ့သည်။

အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်နှင့်အတူ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့သည်။