သတင်းများ

လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့၌ ၂၀၂၄ ခုနှစ်၊ မတ်လ ၈ ရက်မှ ၉ ရက်နေ့အထိ ကျင်းပသည့် အကြိမ် (၃၀) မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။

ပြည်ထောင်စုဝန်ကြီးသည် မတ်လ ရက်နေ့ ညနေပိုင်းတွင် ကျင်းပခဲ့သည့် အာဆီယံ စီးပွားရေး ဝန်ကြီးများအစည်းအဝေး အကြိုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် မတ်လ ၉ ရက်နေ့တွင် ကျင်းပသည့် အကြိမ် ၃၀ မြောက် အာဆီယံ စီးပွားရေး ဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်သည်။ အစည်းအဝေးတွင် လာအိုနိုင်ငံ၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Malaithong Kommasith က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တီမောလက်စ်တေနိုင်ငံမှ စီးပွားရေးဝန်ကြီးများ၊ အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံစီးပွားရေးအကြံပေး ကောင်စီအဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်၊ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်သည်။

အစည်းအဝေး၏ ပထမပိုင်းအနေဖြင့် အာဆီယံစီးပွားရေးဝန်ကြီးများနှင့် အာဆီယံ စီးပွားရေးအကြံပေးကောင်စီတို့ မျက်နှာစုံညီအစည်းအဝေးကိုပြုလုပ်ခဲ့ပြီး၊  အဆိုပါအစည်း အဝေးတွင် အာဆီယံစီးပွားရေးအကြံပေးကောင်စီက ၂၀၂၄ ခုနှစ်တွင် ဦးစားပေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ဒေသတွင်းစီးပွားရေးပေါင်းစည်းမှုနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာအားကောင်းလာစေရေး အကြံပြုချက်များကို တင်ပြသည်။

အစည်းအဝေးဒုတိယပိုင်းတွင် အာဆီယံစီးပွားရေးဝန်ကြီးများက (၄၃) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး၏  ရလဒ်များအရ အာဆီယံစီးပွားရေးမဏ္ဍိုင်မှ ဆက်လက် ဆောင်ရွက်ရန် လုပ်ငန်းများ၊ ဒေသတွင်းနှင့်ကမ္ဘာ့စီးပွားရေး၏ ဖြစ်ပေါ်တိုးတက်မှုများ၊ ၂၀၂၄ ခုနှစ် လာအိုနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူစဉ် ဦးစားပေး ဆောင်ရွက်မည့် စီးပွားရေး လုပ်ငန်းစဉ်များ၂၀၂၄ ခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်ရမည့် နှစ်အလိုက် အေအီးစီဦးစားပေး လုပ်ငန်းစဉ်များ၊ အာဆီယံစီးပွားရေးဆိုင်ရာ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးရေး ကိစ္စများ၊ အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် အဆင့်မြှင့်တင်ခြင်းဆိုင်ရာ စေ့စပ် ညှိနှိုင်းမှု၏ ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံဒစ်ဂျစ်တယ်စီးပွားရေးမူဘောင် သဘောတူစာချုပ် ညှိနှိုင်းမှု၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ ရေရှည်တည်တံ့မှုနှင့်စပ်လျဉ်း အာဆီယံမှ ဆောင်ရွက် လျက်ရှိသည့် ကနဦးလုပ်ငန်းစဉ်များ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံစီးပွားရေး အသိုက်အဝန်း ၂၀၂၅ လမ်းပြမြေပုံအကောင်အထည်ဖော်မှုအခြေအနေနှင့် ၂၀၂၅ အလွန် အာဆီယံ အသိုက်အဝန်းမျှော်မှန်းချက်အရ အာဆီယံစီးပွားရေးအသိုက်အဝန်းမှ မဟာဗျူဟာ လုပ်ငန်းစဉ် ရေးဆွဲရေးကိစ္စများ၊ အာဆီယံလွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်များ​​တွင် ထည့်သွင်းပြဋ္ဌာန်းလာသည့် အသစ်နှင့်ပေါ်ထွန်းဆဲကိစ္စရပ်များနှင့် စပ်လျဉ်းသည့် လေ့လာမှု၊ အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ် (.) အဆင့်မြှင့်တင်ရေး ညှိနှိုင်းမှု၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အကောင်အထည်ဖော်မှုတို့အပေါ် ဆွေးနွေးခြင်း၊ လမ်းညွှန်မှုပြုခြင်းတို့ကို ဆောင်ရွက်ပါသည်။ ထို့အပြင် အစည်းအဝေးကာလအတွင်း ဝန်ကြီးများက စည်းနှောင်မှု မရှိသည့်ပုံစံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် အာဆီယံဝန်ဆောင်မှု လွယ်ကူချောမွေ့ စေရေး မူဘောင် ကို အတည်ပြုခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ်အတွက် လာအိုနိုင်ငံ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီးပွားရေး ဆိုင်ရာ ဦးစားပေးလုပ်ငန်းများကို အခြားအာဆီယံစီးပွားရေးဝန်ကြီးများနှင့်အတူ အတည်ပြုပါကြောင်း၊ ယင်းဦးစားပေး လုပ်ငန်းများသည် လက်ရှိအချိန်အခါနှင့်ကိုက်ညီသည့် လုပ်ငန်းစဉ်များ ဖြစ်ပါကြောင်း၊  ယခုနှစ်အတွင်းပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်ရန် အရေးကြီး ကြောင်း၊ ယင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ကြုံတွေ့ရမည့် သက်ရောက်မှုများ ကိုလည်း ဖြေရှင်းရမည့်နည်းလမ်းများကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း၊ ာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ် (.) အဆင့်မြှင့်တင်ရေး ညှိနှိုင်းမှုများအား ၂၀၂၄ ခုနှစ်တွင် ပြီးစီးရန်အတွက် စေ့စပ်ညှိနှိုင်းမှုများအား အရှိန်မြှင့်တင်ရန် လိုအပ်ပါကြောင်း၊ ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) အထောက် အကူပြုယူနစ် တည်ထောင်ရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံများနှင့်အတူ လိုက်ပါ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း အာဆီယံ၏ တန်းတူညီမျှမှု၊ အပြန်အလှန် တာဝန်ဝတ္တရားနှင့် အာဆီယံအချက်အခြာကျမှု (Centrality) ကို ဆက်လက် ထိန်းသိမ်းရန် အရေးကြီးကြောင်း ဆွေးနွေးခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကို၊ အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိ ဒေါက်တာမာလာမျိုးညွန့်နှင့် ဘာသာရပ် ဆိုင်ရာတာဝန်ခံများ ပါဝင်တက်ရောက်သည်။ ဝန်ကြီးများအဆင့်အစည်းအဝေးအတွက် အာဆီယံ အဆင့်မြင့် စီးပွားရေးအရာရှိများ၏ အကြိုညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ မတ်လ ၈ ရက် နေ့တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ၏ အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိဖြစ်သူ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင် တက်ရောက်သည်။

အစည်းအဝေးတွင် ဒီဂျစ်တယ်စီးပွားရေး (Digital Economy) ပတ်ဝန်းကျင်ကို ထိခိုက်မှု လျော့နည်းစေသည့်စီးပွားရေး(Circular Economy)ကာဗွန်လျှော့ချရေး (Carbon Neutrality) အပြာရောင်စီးပွားရေး(Blue Economy)၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် (Supply Chain) သို့ဝင်ရောက်ရေး၊ ကုန်သွယ် ရေးနှင့် ရင်းနီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး၊ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့် စီးပွားရေးပေါင်းစည်းမှုကိစ္စရပ်များကို အဓိကထားဆွေးနွေးသည့် အစည်းအဝေး ဖြစ်ကြောင်း သတင်းရရှိသည်။