သတင်းများ

စက်တင်ဘာလ  ၇ ရက်၊ နေပြည်တော်

၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျင်းပမည့် (၅၃) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများ၊ (၁၃) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ စီးပွားရေးဝန်ကြီးများအစည်းအဝေးများ အကြို အဆင့်မြင့် စီးပွားရေးအရာရှိများ ၏ ညှိနှိုင်း အစည်းအဝေးများကို ၂၀၂၁ ခုနှစ် စက်တင်ဘာလလ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ၏ အာဆီယံအဆင့်မြင့်စီးပွားရေး အရာရှိဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက် ခဲ့သည်။ အဆိုပါအစည်းအဝေးများသို့  အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်စီးပွားရေးအရာရှိများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးချုပ်ရုံးမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့သည်။

 မြန်မာနိုင်ငံက အလှည့်ကျ အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်သည့် (၁၃) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ စီးပွားရေးဝန်ကြီးများအစည်းအဝေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးတွင် စီအယ်လ်အမ်ဗွီ စီးပွားရေးဝန်ကြီးများအစည်းအဝေး အစီ အစဉ်၊ ဝန်ကြီးများထံသို့တင်ပြမည့် အစီရင်ခံစာနှင့် ဝန်ကြီး အစည်းအဝေးမှ ထုတ်ပြန်မည့်ပူးတွဲကြေညာချက်တို့ကို အပြီးသတ် ဆွေးနွေးခဲ့ကြသည်။ အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိများ၏ အကြိုညှိနှိုင်း အစည်းအဝေးတွင် ဘရူနိုင်းနိုင်ငံမှ သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ (၅၃) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများအစည်းအဝေး၊ (၃၅) ကြိမ်မြောက် အာဆီယံ လွတ်လပ်သောကုန်သွယ်မှုဒေသ ကောင်စီအစည်းအဝေးနှင့် (၂၄) ကြိမ်မြောက် အာဆီယံရင်းနှီးမြှုပ်နှံမှုဒေသကောင်စီ အစည်း အဝေးများသို့ တင်ပြမည့် အစီရင်ခံစာများကိုလည်းကောင်း၊ အာဆီယံစီးပွားရေး ဝန်ကြီးများနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ် သည့် တရုတ်၊ ကိုရီးယား၊ ဆွစ်ဇာလန်၊ အမေရိကန်၊ ဟောင်ကောင် (တရုတ်)၊ အိန္ဒိယ၊ အီးယူ၊ ရုရှား၊ ဩစတြေးလျ၊ နယူးဇီလန်၊ ဂျပန်၊ အပေါင်းသုံး၊ အရှေ့အာရှနှင့် ယူကေနိုင်ငံတို့မှ စီးပွားရေးဝန်ကြီး များ၏ အစည်းအဝေးများ၊ အာဆီယံစီးပွားရေးဝန်ကြီး များနှင့် အာဆီယံစီးပွားရေး အကြံပေးကောင်စီတို့ အစည်းအဝေးနှင့် Organization for Economic Cooperation and Development (OECD) က အာဆီယံ၏ ထောက်ပံ့ပို့ဆောင်မှုကဏ္ဍအတွက် ယှဉ်ပြိုင်မှုဆိုင်ရာ အကဲဖြတ်မှုနှင့် ယှဉ်ပြိုင်မှု အပေါ် ကြားနေမှု နှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို အာဆီယံစီးပွားရေးဝန်ကြီးများနှင့်အတူ launching ပြုလုပ်ရေးအတွက် ကြိုတင်ပြင်ဆင်ရန်ကိစ္စများကို  ဆွေးနွေးညှိနှိုင်း ခဲ့ကြသည်။