FERD သတင်းများ



အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသအောက်ရှိ အကောက်ခွန်ဆိုင်ရာ အကျိုးခံစားခွင့်များအသုံးပြုခြင်းအပေါ် စောင့်ကြည့်လေ့လာခြင်း စီမံချက် နှင့်စပ်လျဉ်း၍ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနနှင့် အာဆီယံ အတွင်းရေးမှူးချုပ် ရုံးတို့ ပူးပေါင်းကျင်းပခဲ့သည်။
    အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်က အဖွင့်အမှာစကား ပြောကြားရာတွင် အကောက်ခွန်ဆိုင်ရာ အကျိုး ခံစားခွင့်များ အသုံးပြုခြင်းအပေါ် စောင့်ကြည့်လေ့လာခြင်းသည် လွတ်လပ်သော ကုန်သွယ်မှု ဒေသ အကောင်အထည်ဖော်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများအတွက် အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲသည် အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ ထူထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ် အဆင့်မြှင့်တင်ရေး အတွက် ကုန်သွယ်မှုဆိုင်ရာ လေ့လာသုံးသပ်မှုကို အထောက်အကူပြုမည်ဖြစ်ကြောင်း၊  အလုပ်ရုံ ဆွေးနွေးပွဲမှတစ်ဆင့် ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များနှင့်စပ်လျဉ်း၍ ကောင်းမွန်သည့် ရလဒ်ကောင်းများ ထွက်ပေါ်လာစေရေးအတွက် တက်တက်ကြွကြွ ပါဝင်ဆွေးနွေးသွားရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။
    အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်လာသူများက ကုန်သွယ်မှုဆိုင်ရာ အချက်အလက် များ ရရှိနိုင်မှုအခြေအနေ ၊ နည်းပညာဆိုင်ရာအခက်အခဲများနှင့် အကောက်ခွန်ဆိုင်ရာ အကျိုး ခံစားခွင့်များ အသုံးပြုခြင်းတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ အောက်ရှိ အကောက်ခွန်ဆိုင်ရာ အကျိုးခံစားခွင့်များ အသုံးပြုခြင်းအပေါ် စောင့်ကြည့်လေ့လာခြင်း စီမံချက်နှင့်စပ်လျဉ်း၍ ဒေသ တွင်း အလုပ်ရုံဆွေးနွေးပွဲကို မတ်လအတွင်း ဆက်လက်ကျင်းပမည်ဖြစ်ပြီး လေ့လာမှု အစီရင်ခံ စာကို ထုတ်ပြန်နိုင်ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်သည်။
    အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် ကုန်သွယ်ရေးဦးစီးဌာနတို့မှ ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်များ၊ စီမံချက်အတွက် အကြံပေးအဖြစ် ဆောင်ရွက်သည့် အာရှကုန်သွယ်ရေးဗဟိုဌာနမှ ကိုယ်စားလှယ် များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း (၂၅) ဦးခန့် ပါဝင်  တက်ရောက်ခဲ့ကြသည်။