FERD သတင်းများ


နေပြည်တော်၊ ဩဂုတ်လ ၂ ရက်
(၂၁) ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (စီအယ်လ်အမ်ဗွီ) အဆင့်မြင့် စီးပွားရေးအရာရှိများအစည်းအဝေးကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့  မြန်မာစံတော်ချိန် နံနက် ၈ နာရီမှ ၁၂ နာရီအထိ video conference ဖြင့် ကျင်းပခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် စီအယ်လ်အမ်ဗွီ အဆင့်မြင့်စီးပွားရေးအရာရှိ ဒေါက်တာဝါဝါမောင်က သဘာပတိအဖြစ် ဦးဆောင်ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံတို့မှ အဆင့်မြင့်စီးပွားရေးအရာရှိများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူ များ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် အဆင့်မြင့်စီးပွားရေးအရာရှိများက စီအယ်လ်အမ်ဗွီ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်အောက်မှ စီအယ်လ်အမ်ဗွီလုပ်ငန်းအစီအစဉ် (၂၀၁၉-၂၀၂၀) နှင့် (၂၀၂၁-၂၀၂၂) တို့၏ အကောင်အထည်ဖော်မှုအခြေအနေများ၊ စီအယ်လ်အမ်ဗွီဖွံ့ဖြိုး တိုးတက်မှုမူဘောင်ကို အကောင်အထည်ဖော်ရန်အတွက် လုပ်ငန်းအစီအစဉ်ရေးဆွဲရန် ကိစ္စရပ်များကို အဓိက ဆွေးနွေးခဲ့ကြပါသည်။
အဆင့်မြင့်စီးပွားရေးအရာရှိများက စီအယ်လ်အမ်ဗွီ နိုင်ငံများအကြား  စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရေး၊ COVID-19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ကုန်စည်ပြပွဲများ၊ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ စသည့်နယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်မှုများကို Virtual နည်းဖြင့် ဒီဂျစ်တယ်နည်းပညာကို အသုံးပြု၍ ကျင်းပသွားရေး နှင့် စီအယ်လ်အမ်ဗွီဖွံ့ဖြိုးတိုးတက်မှု မူဘောင်အား အကောင်အထည်ဖော်မည့်လုပ်ငန်း အစီအစဉ် ရေးဆွဲမည့်အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးကြပါသည်။
အစည်းအဝေးတွင် ၂၀၁၆ ခုနှစ် မှ ၂၀၂၀ ပြည့်နှစ်အတွင်း အကောင်အထည် ဖော်ခဲ့သည့် အာဆီယံပေါင်းစည်းဆောင်ရွက်မှု ကနဦးလုပ်ငန်းအစီအစဉ်-၃ ပြီးစီးမှု အခြေအနေနှင့် ၂၀၂၁ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်-၄ စတင်အကောင်အထည်‌ဖော်မှု အခြေအနေတို့ကိုလည်းကောင်း၊ စီအယ်လ်အမ်ဗွီ နိုင်ငံများ၌ ယှဉ်ပြိုင်မှုနှင့် ဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍ တိုးတက်‌စေရေး အတွက် ဂျာမနီ နိုင်ငံအစိုးရ ၏ အထောက်အပံ့ဖြင့် GIZ က    ဆောင်ရွက်လျက်ရှိသော “အာဆီယံ စီးပွားရေးပေါင်းစည်းမှု ကနဉီးအစီအစဉ်၏ ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရေး မူဘောင်” စီမံချက်၏ ဆောင်ရွက်မှုတို့ကိုလည်းကောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံက သဘာပတိအဖြစ်တာဝန်ယူကျင်းပမည့် စီအယ်လ်အမ်ဗွီ စီးပွားရေး ဝန်ကြီးများ အစည်းအဝေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများကိုလည်းကောင်း ညှိနှိုင်း ဆွေးနွေးကြပါသည်။
ဆက်လက်၍ နေ့လည်ပိုင်းတွင်  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝါဝါမောင်သည် ၂၀၂၁ ခုနှစ် ၊ ဩဂုတ်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ video conferencing ဖြင့် ကျင်းပ ပြုလုပ်သည့် အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိများ၏ (၃/၅၂) ကြိမ်မြောက် အစည်းအဝေးသို့ ပါဝင်တက်ရောက်ပါသည်။ အစည်းအဝေးတွင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊  ဘဏ္ဍာရေးနှင့် စီးပွားရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် Dr. May Fa'ezah Ahmad Ariffin က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး၊  အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့် စီးပွားရေး အရာရှိများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ စီးပွားရေး မဏ္ဍိုင်ဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် Mr. Satvinder Singh နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် ဘရူနိုင်းနိုင်ငံက အာဆီယံ ဥက္ကဋ္ဌအဖြစ်တာဝန်ယူစဉ်အတွင်း ဦးစားပေးဆောင်ရွက်မည့် စီးပွားရေး ဆိုင်ရာကိစ္စရပ်များ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေ များ၊ အေအီးစီ ၂၀၂၅  အကောင်အထည်ဖော်မှုအရ ၂၀၂၁ ခုနှစ်အတွက် ဦးစားပေး ဆောင်ရွက်မည့် လုပ်ငန်းများ၏ အကောင်အထည်ဖော်မှု အခြေအနေများ၊  အေအီးစီ ၂၀၂၅  ကာလလယ် သုံးသပ်ချက် အစီရင်ခံစာအရ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ အဆင့်မြင့် စီးပွားရေးအရာရှိများ၏လမ်းညွှန်မှုအောက်ရှိ ဘာသာရပ်ဆိုင်ရာလုပ်ငန်း အဖွဲ့များ၏ လုပ်ငန်း များ အကောင်အထည်ဖော်မှု တင်ပြချက်များ ၊ တီမောလတ်စ်တေ နိုင်ငံက အာဆီယံသို့ ဝင်ရောက်ရန်လျှောက်ထားမှုအတွက် အာဆီယံစီးပွားရေး အသိုက် အဝန်းအနေဖြင့် ဆောင်ရွက် မည့် ရှေ့လုပ်ငန်းစဉ်များနှင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ကျင်းပမည့် (၅၃) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများအတွက် ပြင်ဆင်ဆောင်ရွက်မှုများအပေါ်  အမြင်ချင်းဖလှယ် ဆွေးနွေးပါသည်။
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝါဝါမောင်သည် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၅ ရက်၊  ဩဂုတ်လ ၁၁ ရက် နှင့် ဩဂုတ်လ ၁၆ ရက်နေ့တို့တွင် ကျင်းပမည့် အာဆီယံ-ကနေဒါ၊ အာဆီယံ-ကိုရီးယား ၊ အာဆီယံ-ဟောင်ကောင်၊ အာဆီယံ-တရုတ်၊ အာဆီယံ-အမေရိကန်၊ အာဆီယံ-အိန္ဒိယ၊ အာဆီယံ-ရုရှား၊ အာဆီယံ-ဗြိတိန်၊ အာဆီယံ-ဆွစ်ဇာလန်၊ အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန်၊ အာဆီယံ-ဂျပန်၊ အာဆီယံ အပေါင်းသုံး(တရုတ်၊ဂျပန်၊ကိုရီးယား)၊ အာဆီယံ-အီးယူ၊ အရှေ့အာရှ အဆင့်မြင့် စီးပွားရေးအရာရှိများ အစည်းအဝေးများသို့လည်း ဆက်လက် တက်ရောက်မည် ဖြစ်ပါသည်။
အဆိုပါ အစည်းအဝေးများတွင် အာဆီယံနှင့် ဆောင်ရွက်နေသည့် လွတ်လပ်သော ကုန်သွယ်မှုဒေသအကောင်အထည်ဖော်မှုများ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် ကိုဗစ် - ၁၉ ကပ်ရောဂါအလွန် ဒေသတွင်း စီးပွားရေး ပြန်လည်ထူထောင်မည့် အစီအစဉ်များ ကို အာဆီယံနှင့်ဆွေးနွေးဖက်နိုင်ငံများအကြား ဆွေးနွေးညှိနှိုင်းကြမည် ဖြစ်ပါသည်။