FERD သတင်းများ

စီးပွားရေးရာကော်မတီသို့ တင်ပြမည့် စာချုပ် စာတမ်းများ၏ အင်္ဂလိပ်ဘာသာ အရေးအသားနှင့် ဥပဒေအသုံးအနှုန်းမှန်ကန်မှုရှိစေရေး ပူးပေါင်း ဆောင် ရွက်မှု အစီအစဉ်ဖြင့် စိစစ်သည့် အစည်းအဝေးကို ၂၀၂၁ ခုနှစ် မေလ ၂၇ ရက် နံနက်ပိုင်းတွင် ရင်းနှီး မြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ရုံးအမှတ်(၁)၌ ကျင်းပခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က အစည်းအဝေးသို့ တက်ရောက် လာကြသော သက်ဆိုင်ရာ ဌာနများမှ ကိုယ်စားလှယ် များအား ကျေးဇူးတင်ရှိပါကြောင်း၊ စာချုပ်စာတမ်း များစိစစ်ရာတွင်နှောင့်နှေးမှုမရှိစေရေး အလေးထား၍ ပူးပေါင်း ဆောင်ရွက်ပေးစေလိုပါကြောင်း အဖွင့်အမှာ စကား ပြောကြားခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ပူးပေါင်းဆောင် ရွက်ရေး အစီအစဉ်တွင် ပါဝင်သည့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက် သွယ်ရေးဝန်ကြီးဌာန (FERD) နှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှ ကိုယ်စားလှယ်အရာရှိများနှင့် လျှပ် စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ကိုယ်စားလှယ် (၃)ဦး တို့ တက်ရောက်ခဲ့ကြပါသည်။
ယင်းအစည်းအဝေးတွင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ သဘောထားမှတ်ချက်များနှင့်အညီ ပြင်ဆင်ထားပြီး ဖြစ်သည့် စီးပွားရေးရာကော်မတီသို့ တင်ပြမည့် စာချုပ်စာတမ်း စုစုပေါင်း (၂၈) စောင်၏ အင်္ဂလိပ် ဘာသာအရေးအသားနှင့် ဥပဒေအသုံးအနှုန်း မှန်ကန်မှု ရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် စိစစ်ခဲ့ပါသည်။