FERD သတင်းများ


မြန်မာနိုင်ငံ၏ အာဆီယံအဆင့်မြင့် စီးပွား ရေးအရာရှိ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်သည် ၂၀၂၁  ခုနှစ်၊ မေလ ၆ ရက် နေ့တွင် video conferencing စနစ်ဖြင့် ကျင်းပ ခဲ့သည့် အာဆီယံအဆင့်မြင့် စီးပွားရေး အရာရှိများ အထူးအစည်းအဝေးသို့ ရုံးအမှတ် (၁)၊ နေပြည်တော်မှ ပါဝင်တက်ရောက်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် အာဆီယံ-အီးယူ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ် အတွက် ကြိုတင်ညှိနှိုင်းလျက်ရှိသည့် မူဘောင်တွင် ပါဝင်မည့် စာသားများအပေါ်တွင် လည်းကောင်း၊ အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှု သဘောတူစာချုပ်အတွက် ကြိုတင်ညှိနှိုင်းလျက်ရှိသည့် ရည်ညွှန်းစာတမ်းတွင်ပါဝင်မည့် နယ်ပယ်များ အပေါ်တွင်လည်းကောင်း အာဆီယံ၏ ဘုံရပ်တည် ချက် ရရှိရေးအတွက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ဂျပန်နိုင်ငံ၊ အာဆီယံ အဆင့်မြင့်စီးပွားရေးအရာရှိဖြစ်သူ Dr. Aki Tamura က ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တို့တွင် Japan External Trade Organization (JETRO) မှ ဦးဆောင်၍ ကျင်းပခဲ့ သည့် Supply Chain Resilience (SCR) Forum ၏ ဆွေးနွေးရရှိချက်များကို တင်ပြခဲ့ပြီး ဇူလိုင်လတွင် ကျင်းပမည့် ဒုတိယအကြိမ် SCR Forum တွင် ဆွေးနွေးမည့် အကြောင်းအရာများအပေါ် အာဆီယံမှ အကြံပြုရေးကိစ္စများအပေါ် ဆွေးနွေးခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ အာဆီယံ အဆင့် မြင့် စီးပွားရေးအရာရှိများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။