သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၅) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန၊ ရုံးအမှတ်(၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၏ ဗဟုသုတကျွမ်းကျင်စေရုံ သာမက အသိပညာ၊ အတတ်ပညာများ တိုးပွားလာစေရေးနှင့် စွမ်းဆောင်ရည် တိုးတက်လာစေရေးအတွက် အပတ်စဉ်သောကြာနေ့တိုင်းစကားဝိုင်း (Friday Talk) ကို ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် အုပ်ချုပ်ရေးကိုသာမက ပညာရပ်ဆိုင်ရာ များကိုပါ တာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့ ရာထူး အဆင့်ဆင့်အလိုက် ဆက်လက်လုပ်ဆောင်ရမည့် တာဝန်များနှင့် ဂရုပြုသိရှိ ထားရ မည့် ကိစ္စရပ်များကို သဘောပေါက်ရန် လိုအပ်ပါကြောင်း၊ အမှုထမ်း၊ အရာထမ်းများ အနေ ဖြင့် ဝန်ကြီးရုံးအပါအဝင် ဦးစီးဌာန များ၏ လုပ်ငန်းများကို ဆက်စပ်သိရှိထားခြင်းဖြင့် လုပ်ငန်း တာဝန်များကို ဆောင်ရွက်ရာတွင် အားစိုက်မှု၊ ခံယူမှုတို့ ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်းနှင့် ဘာသာရပ်ဆိုင်ရာများကို သိရှိနားလည်ကျွမ်းကျင်ပြီး နိုင်ငံတကာ အစည်း အဝေးများ တွင်ထိထိရောက်ရောက် ဆွေးနွေးနိုင်သူ များဖြစ်လာမည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် နိုင်ငံတကာအစည်းအဝေးနှင့် ပြည်ပ နိုင်ငံများသို့  ပညာသင် များသွားရောက်ရာတွင်အမြဲတမ်းကိုယ့်နိုင်ငံဆိုသည့်စိတ်ဓါတ်ဖြင့် နိုင်ငံကို ကိုယ်စားပြု သွားရောက်ရခြင်းဖြစ်သည်ကို သိရှိနားလည်ရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲ အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက မြန်မာနိုင်ငံ ကုမ္ပဏီများဉပဒေ (၂၀၁၇ ) နှင့် MyCo : Myanmar Company Online ၏ လေးနှစ်တာကာလအတွင်း တုန့်ပြန်မှုများနှင့်စပ်လျဉ်း၍ “ Reflection on 4 years of the Myanmar Companies Law & MyCo : Myanmar Company Online” ဟူသော ခေါင်းစဉ်ဖြင့် ရှင်းလင်း ဆွေးနွေးပြောကြားပါသည်။

ထို့နောက် တက်ရောက်လာကြသူများက ပြန်လည်မေးမြန်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန က  အဆင့်မြင့်အရာရှိများ၊ အရာထမ်း / အမှုထမ်းများ Online အပါအဝင် စုစုပေါင်း ဝန်ထမ်းအင်အား (၁၀၀) ကျော် တက်ရောက်ကြပါသည်။