သတင်းများ

အာဆီယံ - ဂျပန်ဗဟိုဌာန၏ ရန်ပုံငွေ (၂၀၂၂) ဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ “နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်များ၏ ခေတ်သစ်ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် စွမ်းဆောင်ရည် မြှင့်တင်ခြင်းဆိုင်ရာဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် နေပြည်တော်၊ Grand Amara Hotel Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲကို နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်များ၏ ခေတ်သစ်          ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အသိပညာ၊ ဗဟုသုတများကို မျှဝေခြင်းမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်းသည့် သက်ဆိုင်ရာဌာနများမှ အရာထမ်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ် ခေတ်သစ်ပြုပြင်ပြောင်းလဲမှုဆိုင်ရာဆွေးနွေးညှိနှိုင်းမှုများတွင် စွမ်းဆောင်ရည်ပြည့်ဝစွာ ပါဝင် နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။ ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့အထိ ၂ ရက်တာ ကျင်းပသွားမည်ဖြစ်ပါသည်။

ဆွေးနွေးပွဲတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဥပဒေပညာဌာနမှ ပါမောက္ခ ဒေါက်တာ စန်းစန်းလွင်နှင့် Senior International Arbitration Advisor ဖြစ်သူ Dr. Kabir Duggal တို့က နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်များနှင့်သက်ဆိုင်သည့် အပြည့်အဝအကာအကွယ် ပေးခြင်းနှင့် လုံခြုံမှုရှိစေခြင်း၊ Public Policy Exceptions နှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်များတွင် အခွန်ဆိုင်ရာဆောင်ရွက်မှုများကို ထည့်သွင်းခြင်း/ ချန်လှပ်ခြင်း၏ သက်ရောက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအငြင်းပွားမှုများကို လျော့ကျစေမည့် ပြဋ္ဌာန်းချက်များ နှင့် အစိုးရ၏ စည်းမျဉ်းစည်းကမ်းချပိုင်ခွင့် (Right to Regulate) ကို အားကောင်းစေနိုင်မည့် ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ရင်းနှီးမြှုပ်နှံသူ၏ အဓိပ္ပာယ်၊ နိုင်ငံသားနှင့် တန်းတူဆက်ဆံခြင်း၊ ပိုမိုသာလွန်သော အခွင့်အရေးရနိုင်ငံများနည်းတူ ဆက်ဆံဆောင်ရွက်မှုပြုခြင်း၊ သာတူညီမျှ ဆက်ဆံဆောင်ရွက်မှုပြုခြင်း စသည့်ခေါင်းစဉ်များဖြင့် နိုင်ငံတကာသဘောတူစာချုပ်များ၏ Trend တိုးတက်ပြောင်းလဲမှုများအား အသီးသီး မျှဝေဆွေးနွေးသွားမည်ဖြစ်ပါသည်။

ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အဆင့်မြင့်အရာရှိကြီးများနှင့် အရာထမ်းများ၊ စုစုပေါင်း (၁၃၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။