မြန်မာနှင့် ဘယ်လာရုစ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံကုန်သည်စက်မှုအသင်းများဖြစ်ကြသော UMFCCI နှင့် BelCCI တို့ပူးပေါင်း၍ မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်ကို နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ LOTTEE ဟိုတယ်၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဘက်မှ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာ ဝါဝါမောင်၊ ဦးမင်းနောင်၊ ဒေါက်တာချာလီသန်း၊ ဦးချစ်ဆွေနှင့် ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဦးစိုးသိန်းတို့အပြင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းတို့က လည်းကောင်း၊ ဘယ်လာရုစ် နိုင်ငံဘက်မှ နိုင်ငံခြားရေးဝန်ကြီး H.E Mr. Maxim RYZHENKOV (မစ္စတာ-မက်ဆင်-ရီဇန်ကော့ဗ်) ဦးဆောင်သည့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက် ရေး တာဝန်ခံ၊ နိုင်ငံပိုင် အသေးစားစက်မှု လုပ်ငန်း “Bellegprom” (ဘယ်လ်-လက်ပလွန်) ဥက္ကဋ္ဌ၊ စိုက်ပျိုးရေးဝန်ကြီး၊ စက်မှုဝန်ကြီး၊ ကျန်းမာရေး ဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံရုံးမှ သံအမတ်ကြီးတို့ကလည်းကောင်း တက်ရောက်အားပေးခဲ့ကြသည်။ ထို့အပြင် သက်ဆိုင်ရာ ဝန်ကြီး ဌာနအသီးသီးမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင် များအပါအဝင် စုစုပေါင်းလူဦးရေ ၁၃၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေး၊ နှစ်နိုင်ငံ အကြီးအကဲများ၏ မဟာဗျူဟာမြောက်လမ်းညွှန်ချက်နှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာ-ဘယ်လာရုစ် ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) ဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဘောင်များ၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင် ရွက်နိုင်မည့် ကဏ္ဍ အလိုက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် EAEU ဈေးကွက်သို့ ချိတ်ဆက်နိုင်မည့် အခြေအနေများကို အဓိကထား ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ဘယ်လာရုစ်နိုင်ငံဘက်မှ နိုင်ငံခြားရေးဝန်ကြီး H.E Mr. Maxim RYZHENKOV (မစ္စတာ-မက်ဆင်-ရီဇန်ကော့ဗ်)၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်း နှင့် မြန်မာနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ရေး တာဝန်ခံ၊ နိုင်ငံပိုင်အသေးစားစက်မှုလုပ်ငန်း “Bellegprom” (ဘယ်လ်-လက်ပလွန်) ဥက္ကဋ္ဌ H.E. Ms. Nadezhda LAZAREVICH, (မစ်-နာဒက်ဒါ-လာဇာရီဗစ်) တို့က အမှာစကားများ အသီးသီးပြောကြားကြသည်။
ထို့နောက် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ် များကို သက်ဆိုင်ရာ တာဝန်ရှိသူများက သဘောတူလက်မှတ်ရေးထိုးခြင်း အစီအစဉ်ကို ဆက်လက် ဆောင်ရွက်ခဲ့ပြီး၊ စုစုပေါင်းစာချုပ် ၁၆ စောင်အား အပြန်အလှန် လဲလှယ်ခဲ့ကြသည်။
အစီအစဉ်အရ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းနှင့် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များက ကဏ္ဍ အလိုက် Powerpoint Presentation ဖြင့် ဆွေးနွေးခြင်း အစီအစဉ်များကို ဆောင်ရွက် ခဲ့ကြပြီး၊ စီးပွားရေး ချိတ်ဆက်ဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ကြသည်။ ယနေ့ ဆွေးနွေးပွဲတွင် ဘဏ်နှင့် ငွေကြေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေးအခြေခံ စက်မှုကုန်ထုတ်လုပ်ငန်း၊ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်း များကို အဓိကဆွေးနွေးခဲ့ကြသည်။
အခမ်းအနားသို့ တက်ရောက်လာကြသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း တို့သည် ယနေ့နံနက်ပိုင်း ဖိုရမ် မစတင်မီ အချိန်တွင် ဘယ်လာရုစ်နိုင်ငံဘက်မှ သက်ဆိုင်ရာ ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်လည်း သီးခြားစီတွေ့ဆုံ၍ မိမိတို့ကဏ္ဍအလိုက် ရှေ့ဆက်ဆောင်ရွက် သွားနိုင်မည့် အသေးစိတ်အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။
မြန်မာ-ဘယ်လာရုစ် ပူးတွဲကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဘက်မှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်နှင့် ဘယ်လာရုစ် သမ္မတ နိုင်ငံဘက်မှ၊ နိုင်ငံခြားရေး ဝန်ကြီး H.E Mr. Maxim RYZHENKOV (မစ္စတာ- မက်ဆင်-ရီဇန်ကော့ဗ်)တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် သီးခြားတွေ့ဆုံကာ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် နီးကပ်စွာပူးပေါင်းဆောင်ရွက်နိုင်ရေး၊ တတိယအကြိမ် ပူးတွဲကော်မတီ ညှိနှိုင်း အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ နိုင်ရေးကိစ္စများအတွက် ဦးတည်ဆွေးနွေး ခဲ့ကြသည်။ ထို့နောက် မြန်မာ-ဘယ်လာရုစ် ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာလမ်းပြမြေပုံ (၂၀၂၆-၂၀၂၈)နှင့် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပူးတွဲ ကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးဆိုင်ရာကိစ္စရပ်များအပေါ် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။
အလားတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ စိုက်ပျိုးရေးနှင့် အစားအစာဝန်ကြီး H.E Mr. Yury GORLOV (မစ္စတာ-ယူရီ-ဂိုလပ်) အား လက်ခံတွေ့ဆုံ၍ စိုက်ပျိုးရေးထုတ်ကုန်များနှင့် စားသောက်ကုန်များ အပြန်အလှန်ကုန်သွယ်မှု တိုးတက်ဆောင်ရွက်နိုင်ရန်အတွက်လည်း ကောင်း၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ မြန်မာနိုင်ငံက ထွက်ရှိသည့် ဆန်၊ ရာဘာ၊ အခွံမာသီး၊ သစ်သီးဝလံနှင့် ကော်ဖီတို့ကို တင်ပို့ နိုင်ရေးနှင့် ဘယ်လာရုစ်နိုင်ငံမှ ဒိန်ခဲနှင့် ထောပတ်တင်သွင်းနိုင်ရေး ကိစ္စရပ်များအား လည်း ကောင်း၊ တင်ပို့/တင်သွင်း ဆောင်ရွက်နိုင်ရန် နှစ်နိုင်ငံ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ အချင်းချင်း ချိတ်ဆက်ဆောင် ရွက်ပေးရေးနှင့် ကုန်သွယ်မှုဆိုင်ရာ သတင်းအချက် အလက်များ အပြန်အလှန် ဖလှယ်ဆောင်ရွက်ရေး ကိစ္စရပ်များအားလည်းကောင်း ဆွေးနွေးခဲ့ကြသည်။
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဘယ်လာရုစ်သမ္မတ နိုင်ငံ၊ စက်မှုဝန်ကြီး H.E Mr. Andrei KUZNETSOV (မစ္စတာ-အန်ဒရီ-ကူဇနက်ဆို့) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်အလို့ငှာ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရန်အတွက် ပူးတွဲဆောင်ရွက်ရေးဆိုင်ရာ ရည်ရွယ်သည့်စာလွှာ (Memorandum of Intent-MoI) ကို လက်မှတ်ရေးထိုးပြီး ဖြစ်ခြင်းကြောင့် ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များအား လည်းကောင်း၊ အဆိုပါ MoI နှင့် Roadmap တို့အပေါ် အခြေခံ၍ မြန်မာနိုင်ငံ၏ အလားအလာရှိသည့် စက်မှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကိုလည်းကောင်း၊ မြန်မာနိုင်ငံတွင် အဓိကလိုအပ်နေသည့် ကင်ဆာရောဂါ ကုသဆေးဝါးများထုတ်လုပ်နိုင်ရေးနှင့် ကင်ဆာရောဂါကုသ ဆေးဝါးထုတ်လုပ်မှု နည်းပညာ ဆိုင်ရာ ကူညီပံ့ပိုးမှုများ၊ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ သင်ကြား လေ့ကျင့်မှုများ ကိစ္စရပ်များကို လည်းကောင်း၊ မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်း၊ MSME ဖွံ့ဖြိုးရေး နှင့် နှစ်နိုင်ငံ MSME ထွက်ကုန်များ ဈေးကွက်ရရှိရေး ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ သည်။