သတင်းများ

အာဆီယံစီးပွားရေးအသိုက်အဝန်း မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၆ -၂၀၃၀) ကို အကောင်အထည်ဖော်မည့် လုပ်ငန်းစီမံချက် (မူကြမ်း) နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပ

အာဆီယံစီးပွားရေးအသိုက်အဝန်း မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၆ - ၂၀၃၀) ကို အကောင်အထည်ဖော်မည့် လုပ်ငန်းစီမံချက် (မူကြမ်း) နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝါဝါမောင် ဦးဆောင်၍ ယနေ့ ၁၀ ၀၀ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၁)၊ နေပြည်တော်၌ ကျင်းပသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ မိမိတို့နိုင်ငံ အနေဖြင့် အာဆီယံနှင့် မိတ်ဝတ်မပျက် ဆက်ဆံဆောင်ရွက်လျက်ရှိရာ အာဆီယံစီးပွားရေး အသိုက်အဝန်း (အေအီးစီ) အောက်မှ လုပ်ငန်းများကို အခြားအာဆီယံ နိုင်ငံများနည်းတူ လိုက်ပါအကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခဲ့ ပါကြောင်း၊ အေအီးစီ ၂၀၁၅ အတွက် ‌ဘာသာရပ်ဆိုင်ရာ ဌာနများနှင့် လုပ်ငန်း ကော်မတီ ၁၅ ခုကို ဖွဲ့စည်း၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သကဲ့သို့ အေအီးစီ ၂၀၂၅ အတွက် လုပ်ငန်းကော်မတီ ၂၂ ခုဖွဲ့၍ အကောင်အထည်ဖော်ခဲ့ပါကြောင်း၊ အာဆီယံအနေဖြင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် အနာဂတ်ရည်မှန်းချက်အတွက် နောင်နှစ် (၂၀) အထိမျှော်မှန်း၍ အာဆီယံ မျှော်မှန်းချက် ၂၀၄၅ ကို ရေးဆွဲထားပြီးဖြစ်ကာ ယင်းမျှော်မှန်းချက်ကို ၂၀၂၅ ခုနှစ်၊ မေလ ၂၆ ရက်တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့သည့် (၄၆) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် အတည်ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အေအီးစီအနေဖြင့် အာဆီယံ မျှော်မှန်းချက် ၂၀၄၅ ကို ၅ နှစ်တာ လုပ်ငန်းအစီအစဉ် ၄ ခု ချမှတ်၍ အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) မဟာဗျူဟာ လုပ်ငန်းအစီအစဉ် (၂၀၂၆-၂၀၃၀) ကို ပထမ ၅ နှစ်အတွက် ရေးဆွဲခဲ့ပါကြောင်း၊ ယင်းလုပ်ငန်းအစီအစဉ် (၂၀၂၆-၂၀၃၀) ရေးဆွဲရာတွင် သက်ဆိုင်ရာ ဌာနများ၏ သဘောထားများမေးမြန်း ဆောင်ရွက်ခဲ့သည့်အပြင် အေအီးစီလုပ်ငန်းကော်မတီအစည်းအဝေးများတွင်လည်း ဝန်ကြီးဌာနများကို ရှင်းလင်းပြောကြား ခဲ့ပါကြောင်း၊ ရေးဆွဲပြီးသည့် လုပ်ငန်းအစီအစဉ်ကိုလည်း ဝန်ကြီးဌာနများ သိရှိနိုင်ရေး ဖြန့်ဝေခဲ့ ပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ရန်ကုန်မြို့၌ “အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက် : ၂၀၄၅ နှင့် အာဆီယံစီးပွားရေး အသိုက်အဝန်း (အေအီးစီ) မဟာဗျူဟာလုပ်ငန်း အစီအစဉ် (၂၀၂၆-၂၀၃၀) တို့နှင့်စပ်လျဉ်းပြီး ပုဂ္ဂလိကကဏ္ဍ လုပ်ငန်းရှင်များအား အသိပညာ မျှဝေသည့်ဆွေးနွေးပွဲ” ကိုလည်းကျင်းပခဲ့ပါကြောင်း၊ အေအီးစီ မဟာဗျူဟာ လုပ်ငန်းအစီအစဉ် (၂၀၂၆-၂၀၃၀) တွင် လုပ်ငန်းကဏ္ဍ (၂၅) ခုပါရှိရာ အဆိုပါ ကဏ္ဍများအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက်လုပ်ငန်းအစီအစဉ် (Sectorial Plan) များကိုလည်း ရေးဆွဲထားပါကြောင်း၊ အေအီးစီ မဟာဗျူဟာလုပ်ငန်းအစီအစဉ် ၂၀၂၆-၂၀၃၀ တွင် ပါဝင်သော အသေးစိတ် လုပ်ငန်းများနှင့် ကဏ္ဍ (၂၅) ခုကို အခြေခံပြီး လုပ်ငန်းစီမံချက် (မူကြမ်း) ရေးဆွဲထားပါကြောင်း ပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းစီမံချက် (မူကြမ်း) အပေါ် ဝန်ကြီးဌာန များ၏ သဘောထားများ စုစည်း၍ ပြုလွယ်ပြောင်းလွယ်တဲ့ Living Document အဖြစ် ထားရှိသွားမှာ ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဒေသတွင်း လိုက်ပါဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆောင်ရွက် သကဲ့သို့ လက်ရှိဖြစ်ပေါ်နေသည့် ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေး အလှည့်အပြောင်းတွင် အမျိုးသားအကျိုးစီးပွားဖြစ်ထွန်းနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်‌စေလိုပါကြောင်း၊ အေအီးစီ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် စိန်ခေါ်မှုများရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြပေး ရန်နှင့် ဌာနများအကြား (Cross-cutting) ညှိနှိုင်းမှုများအတွက် ဘာသာရပ်ဆိုင်ရာဌာနများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အေအီးစီ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်မှုကို အထောက်အပံ့ပေးရန်နှင့် ပူးပေါင်းဆောင်ရွက်ပေးရန်အတွက် အမြဲ အဆင်သင့်ရှိပါကြောင်း တိုက်တွန်းပြောကြားသည်။ ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိဖြစ်သူ ဒေါက်တာမာလာမျိုးညွန့်က အေအီးစီ ၂၀၁၅ နှင့် အေအီးစီ ၂၀၂၅ အောက်မှ လုပ်ငန်းများ အကောင်အထည်ဖော်မှုနှင့် အေအီးစီမဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၆ - ၂၀၃၀) ကို အကောင်အထည်ဖော်မည့်လုပ်ငန်းစီမံချက်(မူကြမ်း) ရေးဆွဲထားရှိမှုတို့နှင့်စပ်လျဉ်း၍ အသေး စိတ်ရှင်းလင်းတင်ပြသည်။ ထို့နောက် လုပ်ငန်းစီမံချက် (မူကြမ်း) နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများက လုပ်ငန်း ကော်မတီများ ဖွဲ့စည်းမှု၊ လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်ရန် ကိစ္စရပ်များအပေါ် သဘောထား အမြင်များကိုပွင့်လင်းစွာဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။ အဆိုပါအစည်းအဝေးသို့ အာဆီယံစီးပွားရေး အသိုက်အဝန်း မဟာဗျူဟာ လုပ်ငန်း အစီအစဉ် (၂၀၂၆-၂၀၃၀) ကို အကောင်အထည်ဖော်မည့် လုပ်ငန်းစီမံချက် (မူကြမ်း) တွင် ပါဝင်သော ဒုတိယဝန်ကြီးများ၊ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်အရာရှိများနှင့် တာဝန်ရှိသူများ စုစုပေါင်း ( ၅၀ ) ဦးခန့် တက်ရောက်သည်။