ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆) ကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်နှင့် လုပ်ငန်းကော်မတီဝင်များ ဖြစ်ကြ သော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌနှင့် ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ အဖွဲ့ဝင်များကိုယ်စား အဆင့်မြင့်အရာရှိကြီး များ တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌက ၂၀၂၀ ပြည့်နှစ် ကတည်းက ကိုဗစ်-၁၉ ရန်ပုံငွေ ကျပ် ၂၀၀ ဘီလီယံဖြင့် ထူထောင်ခွင့်ပြုထုတ်ချေးခဲ့သည့် ကုမ္ပဏီ/ လုပ်ငန်းများ အနေဖြင့် နိုင်ငံတော်သို့ ၁၃၆ ဘီလီယံ ပြန်လည်ပေးဆပ်ပြီး ဖြစ်ပါကြောင်း၊ ကုမ္ပဏီ/ လုပ်ငန်း များအား ချေးငွေသက်တမ်း ၃ နှစ် အထိသာခွင့်ပြုထားပါ၍ ယခုအခါ ခွင့်ပြုသက်တမ်း ပြည့်မြောက်ကျော်လွန်ခဲ့ပြီး ဖြစ်သဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မကုန်ခင် ချေးငွေများအား ပြန်လည်ပေးဆပ်ရန်ဖြစ်ပါကြောင်း၊ ပြန်လည်ပေးဆပ်ခြင်းမရှိပါက စီမံခန့်ခွဲမှု နည်းလမ်းဖြင့် ဦးစွာ အရေးယူဆောင်ရွက်နိုင်ရေး အတွက် ရေးဆွဲထားသည့် စံပြုလုပ်ငန်းစဉ် (SOP) အပေါ် သုံးသပ်ဆွေးနွေးပေးရန် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ နိုင်ငံဘဏ္ဍာရန်ပုံငွေများ ဆုံးရှုံးမှုမရှိစေရေးအတွက် ချေးငွေပြန်လည် ပေးဆပ်မှု မရှိသည့် ကုမ္ပဏီ၊ လုပ်ငန်းများအား စီမံခန့်ခွဲမှု နည်းလမ်းအရ အရေးယူဆောင်ရွက်မည့် စံပြုလုပ်ငန်းစဉ်(SOP)အား အတည်ပြုထုတ်ပြန်နိုင်ရေး၊ စံပြုလုပ်ငန်းစဉ်နှင့်အညီ ရှေ့လုပ်ငန်းစဉ် များ ချမှတ်ဆောင်ရွက်ရေး၊ ချေးငွေပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ချေးငွေသဘောတူ စာချုပ်ပါ သတ်မှတ်ချက်များနှင့်အညီ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်နိုင်ရေး တို့အတွက် ဌာနဆိုင်ရာများအကြား ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များအား လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များက ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
ကိုဗစ် -၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေး လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ