ဖိလစ်ပိုင်နိုင်ငံ၊ အီလိုအီလိုမြို့တွင် ၂၀၂၆ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့သည့် (၄၉) ကြိမ်မြောက် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်း အဖွဲ့အစည်းအဝေးနှင့် ဆက်စပ်အစီအစဉ်များ (Forty-Ninth Meeting of the High-Level Task Force on ASEAN Economic Integration-49th HLTF-EI and Related Events)သို့ မြန်မာနိုင်ငံ ၏အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာအဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင် (HLTF-EI Lead) ဖြစ်သူရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်စင်လွင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။ ဒုတိယဝန်ကြီးသည်ဖေဖော်ဝါရီလ၂၅ ရက်တွင် ကျင်းပသည့် အာဆီယံစီးပွားရေး လုံခြုံမှု ဆိုင်ရာ စိန်ခေါ်မှုများနှင့်စပ်လျဉ်းသည့် စကားဝိုင်း ဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် အာဆီယံဒေသတွင်း လက်ရှိကြုံတွေ့နေရသည့် စီးပွားရေးလုံခြုံမှုဆိုင်ရာ အခက်အခဲများ၊ ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် အာဆီယံ၏ဖွဲ့စည်းမှုဆိုင်ရာ ကိစ္စရပ်များ၊ ကုန်သွယ်မှုစီးဆင်းစေရေးအတွက် မဟာဗျူဟာမြောက် စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံနိုင်ငံများ၏ အတွေ့အကြုံများနှင့် ဒေသတွင်း ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးအတွက် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ဆွေးနွေးခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ဖေဖော်ဝါရီလ ၂၆ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့သည့် (၄၉) ကြိမ်မြောက် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်း အဖွဲ့အစည်း အဝေးသို့တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင်အကောက်ခွန်မဟုတ်သည့် ကုန်သွယ်မှု ဆိုင်ရာ အစီအမံများအပေါ် အကဲဖြတ်ခြင်းနှင့် အာဆီယံတွင် အကောက်ခွန်မဟုတ်သည့် ကုန်သွယ်မှု အတားအဆီးများ ဖယ်ရှားနိုင်ရန်အတွက် ရှေ့ဆက်လက် ဆောင်ရွက်မည့်ကိစ္စရပ်များ၊ အာဆီယံ စီးပွားရေးလုံခြုံမှုဆိုင်ရာအချက်အလက်များနှင့် စပ်လျဉ်းသည့် အကြံပြုချက်များ၊ လက်ရှိ ဖြစ်ပေါ်လျက်ရှိသောကမ္ဘာလုံးဆိုင်ရာနှင့်ဒေသဆိုင်ရာစီးပွားရေးအခြေအနေများအပေါ်အာဆီယံ၏ဘုံရပ်တည်ချက်သဘောထားများ၊ ၂၀၂၆ ခုနှစ်ဖိလစ်ပိုင်နိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ်အတွင်းဦးစားပေး ဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းစဉ်များအား အတည်ပြုရန် ဆောင်ရွက်မှု၊ အာဆီယံပထဝီစီးပွားရေး လုပ်ငန်းအဖွဲ့၏ ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အကြံပြုချက်များ၊ အာဆီယံ စီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ လုပ်ငန်းညွှန်းတမ်းအား ပြန်လည်သုံးသပ်ခြင်း၊ အေအီးစီအစည်းအဝေးများ ထိထိရောက်ရောက် ကျင်းပနိုင်ရေးအတွက် ဆောင်ရွက် မှုများ၊ ၂၀၂၅ အလွန် အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) စောင့်ကြည့်လေ့လာ အကဲဖြတ်ခြင်းဆိုင်ရာကိစ္စရပ်များ၊ အာဆီယံနှင့် အာရှဖွံ့ဖြိုးရေး ဘဏ်တို့အကြား ပူးပေါင်း ဆောင်ရွက်မည့်နယ်ပယ်များနှင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်တွင် ကျင်းပမည့် (၃၂) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသို့ တင်ပြမည့် အကြံပြုချက်များ အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးညှိနှိုင်းကြသည်။ အစည်းအဝေး၌ ဒုတိယဝန်ကြီးက ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတွင် အာဆီယံ၏ အချက်အချာကျမှုကို ထိန်းသိမ်းရန်၊ အာဆီယံနိုင်ငံများအကြား စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ၊ အာဆီယံပထဝီစီးပွားရေးလုပ်ငန်းအဖွဲ့ အပါအဝင် လုပ်ငန်းစဉ် ၁.၅ အရ ဆောင်ရွက်နေသည့် အကြံပေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးရန်နှင့်အာဆီယံဒေသတွင်း ဖွဲ့စည်းမှုဆိုင်ရာ လုပ်ငန်းစဉ်များကို ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် အလေးပေးဆောင်ရွက်ရန်တို့ကို ဆွေးနွေးခဲ့သည်။ အစည်းအဝေးတွင် ဖိလစ်ပိုင်နိုင်ငံ၊ ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး မူဝါဒအဖွဲ့မှ ဒုတိယဝန်ကြီးဖြစ်သူ H.E Allan B. Gepty က အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ပြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံစီးပွားရေး ပေါင်းစည်းမှု ဆိုင်ရာအဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင်များနှင့်ကိုယ်စားလှယ်များ၊ အာဆီယံဒုတိယ အတွင်းရေးမှူးချုပ်နှင့်တာဝန်ရှိသူများပါဝင်တက်ရောက်ခဲ့သည်။အာဆီယံစီးပွားရေးပေါင်းစည်းမှု ဆိုင်ရာအဆင့်မြင့်လုပ်ငန်းအဖွဲ့ကို အာဆီယံနိုင်ငံများ၏ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန် များဖြင့်ဖွဲ့စည်းထားပြီး၊ အာဆီယံစီးပွားရေးအသိုက်အဝန်း၏ လုပ်ငန်းများ အကောင်အထည် ဖော်မှုနှင့်ရှေ့လုပ်ငန်းစဉ်များအပေါ်ဆွေးနွေးညှိနှိုင်း၍ အာဆီယံစီးပွားရေး ဝန်ကြီးများထံ အကြံပြုချက်များ တင်ပြခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
(၄၉) ကြိမ်မြောက် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာအဆင့်မြင့်လုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်အစီအစဉ်များသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်