သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရေး ဆွေးနွေးပွဲ-၂၀၂၅ သို့ တက်ရောက်

          ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့တို့၏ ဦးဆောင်ကြီးကြပ်မှုဖြင့်  ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးဆွေးနွေးပွဲ-၂၀၂၅ (Yangon Investment Facilitation Workshop-2025) ကို ယနေ့ နံနက်ပိုင်း တွင် ရန်ကုန်မြို့ရှိ  Wyndham Grand Yangon Hotel ၌ ကျင်းပသည်။

ပထမဦးစွာ ရင်းနှီးမြှုပ်နှံမှုလွယ်ကူ ချောမွေ့စေရေးဆွေးနွေးပွဲ-၂၀၂၅၏ ဖွင့်ပွဲအခမ်းအနားကို မြန်မာ့ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေ တင်ဆက်ကြပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်နှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က မင်္ဂလာမောင်းကိုတီး၍ ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်နှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့က အမှာစကားအသီးသီး ပြောကြားကြ သည်။ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မျက်မှောက် ကာလ ကမ္ဘာ့စီးပွားရေးနဲ့ နိုင်ငံ့စီးပွားရေး အခြေ အနေများအရ စီးပွားရေးမောင်းနှင်အားဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု တို့ကို ယခင်ကထက် ပိုမိုကြိုးပမ်းအားထုတ်ရန်လိုအပ်လာသည့် ကာလ ဖြစ်ပါကြောင်း၊ တိုင်းပြည်ကုန်ထုတ်လုပ်မှု ၊ ဝန်ဆောင်မှုနှင့် အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ မြှင့်တင်လုပ်ကိုင်နိုင်မှသာ  ပို့ကုန် နှစ်ဆ တိုးမြှင့်ရေး ရည်မှန်းချက်ကို ရောက်ရှိနိုင်မှာ ဖြစ်ပါကြောင်း၊ ထို့အပြင် အချို့ သွင်းကုန် များကိုလည်း အစား ထိုးနိုင်ပြီး ပို့ကုန်များကိုလည်း တိုးတက်အောင် ဆောင်ရွက်သွားနိုင် မည်ဖြစ်ပါ  ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဟုဆိုရာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုရှိသည့်အတွက် နှစ်ပိုင်းစလုံးကို အားပေးဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မကြာမီရက်ပိုင်းတွင် ကျင်းပခဲ့သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှစ်ပတ် လည်သင်း လုံးကျွတ်အစည်းအဝေးတွင် နိုင်ငံအကြီးအကဲက တိုင်းပြည်၏ ကုန်ထုတ်လုပ်မှု ကဏ္ဍမြှင့်တင်ရန် မှာကြားချက်ကို ကြည့်လျှင် ကုန်ထုတ်လုပ်မှု တိုးတက်ရေးအတွက် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများရဲ့ ကုန်ထုတ် စွမ်းအား အပြည့်အဝရရှိ မြှင့်တင်နိုင်ရန်အတွက် ရန်ကုန်တိုင်းအစိုးရနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန (DICA) တို့ ပူးပေါင်းပြီး၊ Investment Facilitation and Promotion ပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာ ဒေသတစ်ခု ဖြစ်ပြီး နိုင်ငံ့ GDP ၏ ၂၆% ဖြစ်သည့်အတွက် တိုင်းဒေသကြီး၏ ဖွံ့ဖြိုးမှုသည် တစ်နိုင်ငံလုံး အတွက် အရေးကြီးပါကြောင်း၊ ယနေ့ဆွေးနွေးပွဲဆောင်ပုဒ်ဖြစ်သည့် “ယုံကြည်မှုတွေ တည်ဆောက်ဖို့ ပူးပေါင်းမှုများ အားပေးစို့ Building Confidence, strengthening  Collaboration”  အတိုင်း အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှု များအား တွန်းအားပေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ၏ မူလ အဆိုပြုလွှာ အတိုင်း ကုန်ထုတ်လုပ်မှုစွမ်းအား ပြန်လည်လည်ပတ်နိုင်ရေးနှင့် ပြည်ပသို့ ချိတ်ဆက် တင်ပို့မှု အဆင်ပြေ ချောမွေ့ရေးသည် အဓိကကျနေသည့်အတွက် ယခုလိုဗဟိုမှ ကွင်းဆင်း ထိတွေ့ အားပေးရင်း ပြန်လည်တင်ပြချက်များကိုလည်း သက်ဆိုင်ရာ ဌာနများသို့ တင်ပြညှိနှိုင်းကူညီသွားရန်ဖြစ်ပါကြောင်း၊ Processing Lines အပြင် ထပ်မံတိုးချဲ့ တပ်ဆင်လိုသူရှိပါကလည်း မြန်ဆန်အဆင်ပြေ ချောမွေ့ အောင် ကူညီသွားမည်ဖြစ်ပါ ကြောင်း ပြောကြားခဲ့ပါသည်။

 ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုအခြေအနေများ၊ ထပ်မံ ဖော်ထုတ်နိုင်မည့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံသူများအပေါ် ကူညီ ဆောင်ရွက်သွားနိုင်မည့် အခြေအနေများကို အဓိကထား၍ ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့က တက်ရောက်လာသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံကို ရိုက်ကူးခဲ့ကြပြီး ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည် ကြည့်ရှု အားပေးကြသည်။ ယနေ့ အခမ်းအနားတွင် MSMEs လုပ်ငန်းများ အပါအဝင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြခန်း စုစုပေါင်း (၃၁)ခန်းကို စိတ်ဝင်စားဖွယ် ခင်းကျင်းပြသခဲ့ ကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်း များကို ရန်ကုန် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးက Power point presentation ဖြင့်ရှင်းလင်း တင်ပြသည်။ ထို့နောက် စကားဝိုင်း ဆွေးနွေးပွဲ (Panel Discussion) ကို ဆက်လက်ကျင်းပရာ ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်တိုးမြှင့် ခြင်း- လွယ်ကူချောမွေ့စေရေးစကားဝိုင်း “Enhancing the Investment Climate: A Facilitation Dialogue” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြီး လုပ်ငန်းရှင်များက မေးမြန်းခဲ့သည့် တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ကြသည်။

ပြီးနောက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နေသည့် ပြည်တွင်း ပြည်ပ လုပ်ငန်းရှင် ဦးက ၎င်းတို့၏ လုပ်ငန်းအတွေ့အကြုံနှင့် စပ်လျဉ်းသည့် လုပ်ငန်းစီမံကိန်းများ၏ အားသာချက်များနှင့် ထုတ်လုပ်နိုင်မှု အခြေအနေ(Project Presentation) များကို မျှဝေဆွေးနွေးခဲ့ကြသည်။ ညနေပိုင်း တွင် ဆန်၊ ပဲ၊ နှမ်း စိုက်ပျိုးရေးထွက်ကုန်များ၊ ဆိုလာလျှပ်စစ်ကဏ္ဍ၊ မွေးမြူရေးနှင့် ဆက်စပ်သည့် နည်းပညာလွှဲပြောင်းခြင်းကဏ္ဍ စသည့် ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (၂၄) ခုကို သက်ဆိုင်ရာ တာဝန်ရှိသူများက အပြန် အလှန် လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားပြီး ဆွေးနွေးပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ယနေ့ ဆွေးနွေးပွဲသည် ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စေရေးနှင့် ရေရှည်တည်တံ့ အောင်မြင်စေရန် ရည်ရွယ်ပြီး အစိုးရ-ပုဂ္ဂလိက အသီးသီးမှ အဆင့်မြင့်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လက်ရှိရင်းနှီး မြှုပ်နှံ သူများ၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များ အပြင် တရုတ်၊ ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များ စသဖြင့် စုစုပေါင်း လူဦးရေ (၄၀၀) ကျော်ခန့် တက်ရောက်ခဲ့ကြသည်။