သတင်းများ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

          ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ခရက်စ်နောဂေါ့စ်ခ်မြို့အခြေစိုက် မော်စကို ခရိုင်ဆိုင်ရာ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်နှင့် ရော့စ်ကွန်ဂရက်ဖောင်ဒေးရှင်း၏ ကြီးကြပ်ရေး ဘုတ်အဖွဲ့ဝင်၊ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၏ အရှေ့တောင်အာရှစီမံကိန်းများညှိနှိုင်းရေးမှူး မစ္စတာ ဆာဂေး ရှတီရော့ဗ် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ရုံးအမှတ် (၁)၊ နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။

              ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက် ရင်းနှီး မြှုပ်နှံမှုရန်ပုံငွေအဖွဲ့တို့အကြား လက်ရှိပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှု စီမံချက် များ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှု အပါအဝင် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။

              အဆိုပါတွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။