သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ (၂၇) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ပါဝင်တက်ရောက်

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ နိုဝင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ကျင်းပသော (၂၇) ကြိမ်မြောက်မဟာမဲခေါင်ဒေသခွဲ (ဂျီအမ်အက်စ်) ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ မြန်မာနိုင်ငံဆိုင်ရာ ဂျီအမ်အက်စ်ဝန်ကြီး ဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး တက်ရောက်ပါရန် ထိုင်းနိုင်ငံ၊ အမျိုးသား စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှုကောင်စီမှ ဒုတိယဝန်ကြီးချုပ်ဖြစ်သူ Mr. Ekniti Nitithanprapas ၏ ဖိတ်ကြားချက် အရ ပြည်ထောင်စုဝန်ကြီး ကိုယ်စား ဒုတိယဝန်ကြီး ဦးသန့်စင်လွင် ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ ပါဝင် တက်ရောက်ခဲ့သည်။

        နိုဝင်ဘာလ ၂၇ ရက် မွန်းလွဲပိုင်းတွင် ကျင်းပခဲ့သည့် ဂျီအမ်အက်စ် စီးပွားရေး ဖိုရမ်အဆင့်မြင့် မူဝါဒဆွေးနွေးပွဲ ဂျီအမ်အက်စ်အစီအစဉ်၏ ဦးစားပေး ကဏ္ဍအလိုက် အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများ၊ အဟန့်အတားများကို ပူးပေါင်းဖြေရှင်းနိုင်မည့် နည်းလမ်းများ၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့အကြား ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ တက်ရောက်လာသည့် ဂျီအမ်အက်စ် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဖွဲ့ဝင်နိုင်ငံများရှိ ဂျီအမ်အက်စ်စီးပွားရေးကောင်စီအသီး သီးမှ ကိုယ်စားလှယ်များအကြား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြသည်။

        ဆက်လက်၍ နိုဝင်ဘာလ ၂၈ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့သည့် ဝန်ကြီး များအဆင့် အလွတ်သဘောအစည်းအဝေး မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များတွင် ပုဂ္ဂလိကကဏ္ဍနှင့် ဒေသန္တရအစိုးရ များ၏ ပါဝင်မှု ပိုမိုအားကောင်းစေရေး ကိစ္စရပ်များအပေါ် ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများအကြား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။

         (၂၇) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ဝန်ကြီးများမျက်နှာစုံညီ အစည်း အဝေးကို GMS ဒေသခွဲတွင် ဒေသန္တရအစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပေါင်းစည်း ပါဝင်ခြင်းဖြင့် အားလုံးပါဝင်သည့် တိုးတက်မှု၊ ဟန်ချက်ညီသောဖွံ့ဖြိုးမှုနှင့် သာယာဝပြောမှုရရှိစေရန် ဖော်ဆောင်ရေး” ဟူသည့် ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားတွင် ဂျီအမ်အက်စ် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင်များနှင့် အာရှဖွံ့ဖြိုးရေးဘဏ် ဒုတိယ ဥက္ကဋ္ဌတို့က အမှာစကား အသီးသီး ပြောကြားခဲ့ကြသည်။

        ဝန်ကြီးများမျက်နှာစုံညီအစည်းအဝေးတွင် အဆင့်မြင့်အရာရှိများ အစည်း အဝေး၊ ဖွံ့ဖြိုးမှု မိတ်ဖက်များအစည်းအဝေး၊ စီးပွားရေးကောင်စီအစည်းအဝေးနှင့် ဒေသန္တရအစိုးရများ ဖိုရမ်ရလဒ်များအပေါ် တက်ရောက်လာသည့် ဂျီအမ်အက်စ် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများက အကြံပြုဆွေးနွေး ခဲ့ကြသည်။

        (၂၇) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲဝန်ကြီးများအစည်းအဝေးကို အိမ်ရှင် နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ သီဟဿက် ဖူးအန်းကက်တေး ကောကသဘာပတိအဖြစ် ဆောင်ရွက်ပြီး အာရှဖွံ့ဖြိုးရေး ဘဏ်၊ အရှေ့အာရှ၊ အရှေ့တောင် အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ မစ္စတာ စခေါ့တ် မောရစ်က တွဲဖက်သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့သည်။

        အဆိုပါ (၂၇) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ဝန်ကြီးများမျက်နှာစုံညီ အစည်းအဝေး သို့ ကမ္ဘောဒီးယားနိုင်ငံ၊ ဂျီအမ်အက်စ်ဝန်ကြီးက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ပြီး၊ အခြားအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံညှိနှိုင်း ရေးမှူးများ၊ အဆင့်မြင့်အရာရှိများ၊ အာရှဖွံ့ဖြိုးရေးဘဏ်မှ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ် စုစုပေါင်း (၁၅၀) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြသည်။

      ဒုတိယဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်တွင် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ပြီး နိုဝင်ဘာလ ၂၉ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။ အစည်းအဝေးတွင် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ဂျီအမ်အက်စ်မဟာဗျူဟာ၊ ဒေသတွင်းရင်းနှီးမြှုပ်နှံမှု မူဘောင် (၂၀၂၆-၂၀၂၈) တို့ကို အတည်ပြုခဲ့ပြီး (၂၇) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ဝန်ကြီးများအစည်းအဝေး၏ ပူးတွဲကြေညာ ချက်ကို ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။