သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ သတ္တမအကြိမ် ထမနဲထိုးပြိုင်ပွဲကျင်းပ

မြန်မာ့ဓလေ့ရိုးရာ ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ ဝန်ထမ်းများ အကြား စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတိုးပွားစေရန်၊ ဝန်ထမ်းအချင်းချင်း အပြန်အလှန် ညီညွတ်မျှတစွာဖြင့် ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်လျက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ သတ္တမအကြိမ် ဝန်ထမ်းမိသားစုထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် ထမနဲထိုး ပြိုင်ပွဲသည် မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ကျင်းပခြင်းဖြစ်ပြီး ဝန်ထမ်းများအကြား အပြန် အလှန်ချစ်ကြည်ရင်းနှီးမှု၊ ပျော်ရွှင်မှု၊ စည်းလုံးညီညွတ်မှုတို့ကို ဖော်ဆောင်သည့် တပို့တွဲလ၏ ရိုးရာဓလေ့ပွဲဖြစ်ကြောင်း၊ ထမနဲသည် တပို့တွဲလ၏ ပုံရိပ်သင်္ကတဖြစ်ပြီး ကောက်ဦးပေါ်ချိန်တွင် ထမနဲထိုးပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အသင်းသားများအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် တက်ညီလက်ညီ ဆောင်ရွက်ရသော ပွဲဖြစ်သဖြင့် ဌာန၏ စုပေါင်းအင်အား ကိုပြသခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် အသင်းအဖွဲ့စိတ်ဓါတ်ဖြင့် စည်းစည်းလုံးလုံး ပါဝင်ယှဉ်ပြိုင်စေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ပြိုင်ပွဲဝင်အသင်းများ၏ အားကြိုး မာန်တက် ယှဉ်ပြိုင်နေမှုကို လိုက်လံကြည့်ရှုအားပေးကြပြီး ဝန်ထမ်းများကလည်း အိုးစည်ဒိုးပတ် သံချပ်များဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုတီးမှုတ်၍ အားပေးကြသည်။ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ထမနဲထိုးပြိုင်ပွဲတွင် ပြည်ထောင်စု ဝန်ကြီးရုံးနှင့် ဦးစီးဌာန ၂ ခုတို့မှ ဝန်ထမ်းများပါဝင်သည့် ပြိုင်ပွဲဝင် အဖွဲ့သုံးဖွဲ့ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြပြီး ပြိုင်ပွဲတွင် အနိုင်ရရှိသောအဖွဲ့များကို ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။