သတင်းများ



နေပြည်တော်၊ ဇန်နဝါရီ  ၅
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူရေး ကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရုံးအမှတ် (၁) ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ကော်မတီအနေဖြင့် ကိုဗစ်-၁၉ တတိယလှိုင်းကာလ အတွင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လိုအပ်သော ဆေး၊ ဆေးကိရိယာများ၊ အထူးသဖြင့် အောက်ဆီဂျင်ထုတ်လုပ်သည့်စက်များ၊ အောက်ဆီဂျင်အရည်များ၊ ကုသဆေးများ ကို တင်သွင်းဖြန့်ဖြူး‌ပေးနိုင်ရန် သက်ဆိုင်ရာနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့မှု၊ ဆပ်ကော်မတီ အသီးသီးက ပို့ကုန်သွင်းကုန် ကိစ္စရပ်များ၊ သယ်ယူပို့ဆောင်ရေး ကိစ္စရပ်များနှင့် အကောက်ခွန် ရှင်းလင်းရေးကိစ္စရပ်များကို ဦးစားပေးအစီအစဉ်ရေးဆွဲ၍ ဆောင်ရွက်ပေးနိုင်ခဲ့မှုများကြောင့် ကိုဗစ် ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ် ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပက်သတ်၍ ရှင်းလင်း ဆွေးနွေးပါသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းက ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးအတွက် ကာကွယ်ဆေးများ၊ ကုသ ဆေးများအပါအဝင် ဆေးပစ္စည်းကိရိယာများဝယ်ယူမှုဆိုင်ရာ ကော်မတီဆောင်ရွက်ချက်များ၊ ဘဏ္ဍာငွေကြေးသုံးစွဲမှုအခြေအနေများနှင့် ကာကွယ်ဆေးထိုးနှံမှုအခြေအနေများကို ရှင်းလင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသည့် ကော်မတီဝင်များက COVID 19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူရေး နှင့်စပ်လျဉ်းသည့်အခြေအနေ၊  ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံ/ အဖွဲ့ အစည်းများမှ လှူဒါန်းထားသည့် ပစ္စည်းများ လက်ခံရရှိမှုအခြေအနေ၊ လက်ရှိပြည်တွင်း ကူးစက်မှုများအတွက် လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများကို ထပ်မံဝယ်ယူရမည့် ကိစ္စရပ်များနှင့် ကော်မတီ၏ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပေါ် ညှိနှိုင်းဆွေးနွေးခဲ့သည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ ဆပ်ကော်မတီဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။