သတင်းများ



၂၀၂၂ ခုနှစ်၊ ဇွန်လ ၁ ရက်
အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ ၊ နံနက် ၁၀:၀၀ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁)၊ နေပြည်တော်၌  ကျင်းပသည်။ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် လုပ်ငန်းကော်မတီ ၂၂ ခုမှ ဒုတိယဝန်ကြီးများ၊  အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ တက်ရောက်ပါသည်။
အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက  ၂၀၂၂ ခုနှစ်၊ မေလတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီတွင် ကျင်းပခဲ့သည့် အာဆီယံစီးပွားရေးဝန်ကြီးများ အထူးအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့မှုအခြေအနေနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ချဉ်းကပ်မှုပုံစံသစ်များနှင့်ပတ်သက်၍လည်းကောင်း၊ အာဆီယံအပြင် အခြားပူးပေါင်းဆောင်ရွက်မှုများကတစ်ဆင့် အသစ်ထွက်ပေါ် လာသည့် အစီအစဉ်များ (Emerging Trend)တွင် ဘာသာရပ်အလိုက် လိုအပ်သည်များကို ပြင်ဆင်ထားရှိ ရေးကိစ္စများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပါသည်။
ပြည်ထောင်စုဝန်ကြီးက  ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ်(RCEP) စတင် အသုံးပြုဆောင်ရွက်နိုင်မှုအခြေအနေများနှင့် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ကို ရေးဆွဲလျက်ရှိရာတွင် မြန်မာနိုင်ငံက ပါဝင်ဆောင်ရွက် လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် အေအီးစီ  အကောင်အထည်ဖော်မှုတွင်  ၂၀၂၁ ခုနှစ်တွင် ၇၀.၇ ရာခိုင်နှုန်းအကောင်အထည်ဖော်နိုင်ခဲ့ပြီး၊ ဒေသတွင်းပျှမ်းမျှ အကောင် အထည်ဖော်မှုထက် ကျော်လွန်ခဲ့သည့်အတွက် ၂၀၂၂ ခုနှစ်တွင်လည်း အေအီးစီ  အကောင်အထည် ဖော်မှုလုပ်ငန်းများတွင် မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ရန်နှင့် အာဆီယံသဘောတူညီချက်များအရ လိုက်နာဆောင်ရွက်ရမည့်  သဘောတူ ထားသည့် ကတိကဝတ်များကို လိုက်ပါဆောင်ရွက်ရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန်မျှော်မှန်းချက် ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ မြန်မာနိုင်ငံမှ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ် (Eminent Person) ဖြစ်သူ  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးသန်းအောင်ကျော်က  အာဆီယံ အသိုက်အဝန်း ၂၀၂၅ အလွန်မျှော်မှန်းချက် ရေးဆွဲရေးအတွက် ဆောင်ရွက် လျက်ရှိသည့် အခြေအနေများနှင့် မျှော်မှန်းချက်တွင် ထည့်သွင်းမည့် အဓိကအချက်များ (core elements )နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပါသည်။ ထို့နောက် အာဆီယံအဆင့်မြင့် စီးပွားရေး အရာရှိ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင်ကလည်း အာဆီယံ၏ လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များနှင့် မြန်မာနိုင်ငံက အကောင်အထည်ဖော်မှုများကို ရှင်းလင်းတင်ပြပါသည်။
ထို့နောက် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများနှင့် လုပ်ငန်းကော်မတီ အတွင်းရေးမှူးများက ကော်မတီအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပူးပေါင်းဆောင်ရွက်ပေးစေ လိုသည့်ကိစ္စရပ်များကိုတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။