သတင်းများ

နေပြည်တော်၊ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၃ ရက်။


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ စတုတ္ထအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁)၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။  

ဝန်ကြီးဌာန၏ စတုတ္ထအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားသို့ ပျဉ်းမနားမြို့၊ စမ်းမြိုင်တော ရ ကျောင်းတိုက်မှ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တသူရိယနှင့် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ဆရာတော်သံဃာတော်များထံမှ တက်ရောက်လာကြသော ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်၍  မေတ္တာသုတ် ပရိတ်တရားတော် နာယူခဲ့ကြသည်။  

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီးနှင့် ဇနီး၊ ဌာနအကြီးအကဲ များနှင့် ဝန်ထမ်းများက ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် စမ်းမြိုင်တောရ ကျောင်းတိုက်မှ ပဓာနနာယက ဆရာတော်ထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေ ကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးနှင့် ဇနီး၊ တက်‌ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဂုဏ်ပြုပွဲကျင်းပ

 ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ သား/သမီး များအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ ပြည်ထောင်စု ဝန်ကြီး ကိုယ်စား ဒုတိယဝန်ကြီးမှ တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။ ယင်း အခမ်းအနားတွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဝန်ထမ်းများ၏ သားသမီးများဖြစ်သည့် ၅ ဘာသာ ဂုဏ်ထူးရှင် နှစ်ဦး၊  ၃ ဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် တစ်ဦးနှင့်  ၁ ဘာသာ ဂုဏ်ထူးရှင် တစ်ဦး တို့အား ဒုတိယဝန်ကြီးမှ ဂုဏ်ပြု ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။  

ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ထူးချွန်ကျောင်းသားများနှင့် ၎င်းတို့၏ မိဘများတက်ရောက်ခဲ့ကြပါသည်။