သတင်းများ

၂၀၂၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့၌ ကျင်းပ သည့်(၂၃) ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (စီအယ်လ်  အမ်ဗွီ) အဆင့်မြင့်စီးပွားရေးအရာရှိများ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ၊ စီအယ်လ်အမ်ဗွီ အဆင့်မြင့်  စီးပွားရေးအရာရှိ ဒေါက်တာဝါဝါမောင် တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် အလှည့်ကျသဘာပတိအဖြစ် ဗီယက်နမ်နိုင်ငံ၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ အာရှ-ပစိဖိတ် စျေးကွက် ရှာဖွေရေးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Nguyen Phuc Nam  က ဆောင်ရွက်၍ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့မှ အဆင့်မြင့် စီးပွားရေးအရာရှိများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများလည်း တက်ရောက်ကြသည်။

အစည်းအဝေးတွင် အဆင့်မြင့်စီးပွားရေးအရာရှိများက စီအယ်လ်အမ်ဗွီ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်အောက်မှ စီအယ်လ်အမ်ဗွီလုပ်ငန်းအစီအစဉ်(၂၀၂၁-၂၀၂၂) ၏ အကောင်အထည်ဖော်မှု ၊ စီအယ်လ်အမ်ဗွီလုပ်ငန်းအစီအစဉ် (၂၀၂၃-၂၀၂၄)တွင် ပါဝင်မည့်ဦးစားပေးကဏ္ဍများနှင့်စီမံချက်များ၊ အာဆီယံကနဦးပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်း အစီအစဉ်-၄ (၂၀၂၁-၂၀၂၅)၏ အကောင်အထည်ဖော်မှုအခြေအနေ၊ စီအယ်လ်အမ်ဗွီ ဖွံ့ဖြိုးတိုးတက်မှုမူဘောင်ကိုအကောင်အထည်ဖော်မည့်  လုပ်ငန်း အစီအစဉ် အပြီးသတ် ရေးဆွဲရေးနှင့် စက်တင်ဘာလတွင်ကျင်းပမည့် (၁၄)ကြိမ်မြောက်  စီအယ်လ်အမ်ဗွီ စီးပွားရေး ဝန်ကြီးများ အစည်းအဝေးတွင် အတည်ပြုပြဋ္ဌာန်းနိုင်ရေး၊ ဝန်ကြီးများ အစည်းအဝေးတွင်  ဆွေးနွေးမည့်ကိစ္စရပ်များအား ကြိုတင်ညှိနှိုင်းခဲ့ကြသည်။