သတင်းများ

အာဆီယံအသိုက်အဝန်း၂၀၂၅အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ်မြောက်အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန်မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့၏ပဉ္စမအကြိမ်မြောက်အစည်းအဝေးကို ၆-၁၁-၂၀၂၂ ရက်မှ ၇-၁၁-၂၀၂၂ ရက် အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ရှိ Hyett Regency Hotel၌ကျင်းပပြုလုပ်ခဲ့ ပါသည်။

          အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့က ပူးတွဲဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များ၊ အဆင့်မြင့် ကိုယ်စားလှယ်များ၊  ကိုယ်စားလှယ်များနှင့် အာဆီယံနိုင်ငံရေး-လုံခြုံရေးအသိုက်အဝန်း ဆိုင်ရာ ဒုတိယအတွင်းရေးမှူး ချုပ်တို့တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ အဆင့်မြင့်လုပ်ငန်းအဖွဲ့ဝင်၊ မြန်မာနိုင်ငံထင်ပေါ်ကျော်ကြားပုဂ္ဂိုလ် (Eminent Person) အဖြစ် ဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်  ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့  တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် အာဆီယံအသိုက်အဝန်း ၂၀၂၅အလွန် မျှော်မှန်းချက်တွင် ထည့်သွင်းဖော်ပြမည့်အဓိကသွင်ပြင်လက္ခဏာများကိစ္စ၊ အာဆီယံနိုင်ငံခြားရေး ဝန်ကြီး များ၏ တာဝန်ပေးအပ်ချက်အရ (၃၁)ကြိမ်မြောက် အာဆီယံပူးပေါင်းညှိနှိုင်းရေးကောင်စီ အစည်းအဝေး၏  အတည်ပြုချက်ရယူပြီး (၄၀)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေးသို့ တင်ပြမည့်  အာဆီယံ၏ စွမ်းဆောင်ရည်နှင့် အဖွဲ့အစည်း၏ ထိရောက်မှုစွမ်းရည် မြှင့်တင်ရေးဆိုင်ရာအကြံပြုချက်(မူကြမ်း)များကိစ္စ၊ ဒေသတွင်းရှိသက်ဆိုင်ရာ အဖွဲ့အစည်း များနှင့်တွေ့ဆုံ ဆွေးနွေးရေးဆိုင်ရာနည်းလမ်းများကိစ္စ၊ အာဆီယံပေါင်းစပ်ညှိနှိုင်းရေး ကော်မတီနှင့် ပူးပေါင်းညှိနှိုင်းရေးအစည်းအဝေးသို့ တင်ပြမည့် အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ လုပ်ငန်းဆောင်ရွက်တိုးတက်မှုအစီရင်ခံစာ(မူကြမ်း)ကိစ္စ စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ ပါသည်။

          အာဆီယံအသိုက်အဝန်း ၂၀၂၅အလွန် မျှော်မှန်းချက်ရေးဆွဲရန် အဆင့်မြင့်လုပ်ငန်း အဖွဲ့ ဖွဲ့စည်းရေးကို ၂၀၂၁ခုနှစ် အောက်တိုဘာလ (၂၆) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၈) ကြိမ်မြောက်နှင့် (၃၉)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အတည်ပြုခဲ့ ပါသည်။ အဆိုပါ အဆင့်မြင့်လုပ်ငန်းအဖွဲ့ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ထင်ပေါ် ကျော်ကြားပုဂ္ဂိုလ်များနှင့် အဆင့်မြင့်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပါသည်။