သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၆) ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကား ပြောကြားခဲ့ ပါသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနရှိ ဝန်ထမ်းတစ်ဦးစီ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက် အသိပညာမျှဝေဆွေးနွေးပွဲ (သောကြာနေ့စကားဝိုင်း) ကို ကျင်းပခဲ့သည်မှာ အမှတ်စဉ် (၆)သို့ပင် ရောက်ရှိပြီဖြစ်ပါကြောင်း၊ အသိပညာ ပေးမျှဝေမှု စကားဝိုင်းမှတစ်ဆင့် ဌာနရှိ ဝန်ထမ်းများသည် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး အတွက် မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ပိုမိုသိရှိနားလည်လာမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ကမ္ဘာ့စီးပွားရေးနှင့် ဒေသတွင်း စီးပွားရေးတို့နှင့် ဆက်စပ်လျက်ရှိသည့် နိုင်ငံတကာ ကုန်သွယ်မှုအခြေအနေများ၊  အာဆီယံနှင့် ဒေသတွင်းနိုင်ငံများအကြား ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်လာပုံ အဆင့်ဆင့် သမိုင်းကြောင်းများနှင့် ကမ္ဘာ့ကုန်သွယ်မှုမူဝါဒများ၊ အာဆီယံလွတ်လပ်သော ကုန်သွယ်မှု ဒေသများပေါ်ပေါက်လာခြင်းအပြင် လွတ်လပ်သော ကုန်သွယ်မှုဝါဒနှင့် ကုန်သွယ်မှု ဒေသများ တိုးတက်ပြောင်းလဲလာမှု၊ ပြည်ပမှနိုင်ငံခြားငွေများ မိမိနိုင်ငံတွင်းသို့ စီးဝင်လာနိုင ်မည့် ကုန်သွယ်ရေး တွင် အသာစီးရရှိနိုင်သည့် အခြေအနေများကို  သိရှိနားလည်နိုင်လာ မည်ဖြစ် ကြောင်းနှင့် အဆိုပါ အသိအမြင်များဖြင့် မိမိတို့လုပ်ငန်းခွင်နယ်ပယ်တွင် သုံးတတ်လျှင် သုံးတတ်သလို အကျိုးပြုနိုင်မည် ဖြစ်သဖြင့် ယခုကဲ့သို့ဆွေးနွေးပွဲစကားဝိုင်းများ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲအခမ်းအနားတွင် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်သဇင်က အာဆီယံစီးပွားရေးပေါင်းစည်းမှုအဆင့်များ၊ “အာဆီယံ၏ လွတ်လပ်သော ကုန်သွယ်မှုဒေသများ” (ASEAN-Free Trade Area-AFTA)၊ လွတ်လပ်သော ကုန်သွယ်မှုဒေသများတွင် ပါဝင်သည့် Traditional Areas များနှင့် New and Emerging issue များနှင့်  လွတ်လပ် သော ကုန်သွယ်မှုဒေသများ၏ အခွင့်အလမ်းနှင့်စိန်ခေါ်မှုများ ခေါင်းစဉ်ဖြင့် ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသူများက ပြန်လည်မေးမြန်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက  ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များအဆင့်မြင့်အရာရှိများနှင့် အရာထမ်း / အမှုထမ်း များ Online အပါ အဝင် စုစုပေါင်းဝန်ထမ်းအင်အား (၁၀၀) ကျော် တက်ရောက်ကြပါသည်။