သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၇) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စု ဝန်ကြီး တက်ရောက်အမှာစကား ပြောကြားခဲ့ ပါသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန၌ ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးအတွက် အသိပညာမျှဝေဆွေးနွေးပွဲ (သောကြာနေ့စကားဝိုင်း)ကို အပတ်စဉ် ကျင်းပပြုလုပ်ပေးလျက်ရှိပါကြောင်းအာဆီယံစီးပွားရေးအသိုက်အဝန်း (ASEAN Economic Community- AEC) ဆိုင်ရာကိစ္စရပ်များ၊  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဉပဒေ(၂၀၁၆) နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဉပဒေများ (၂၀၁၇) တို့ကို ပြဋ္ဌာန်း၍ ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းများကို ဖန်တီးပေးကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ နိုင်ငံတွင်းသို့ လာရောက် ရင်းနှီးမြှုပ်နှံနိုင်ရေး ဆောင်ရွက် လျက်ရှိသည့် ကိစ္စရပ်များအပြင် ဒေသတွင်းနှင့် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များကို သိရှိနားလည်ရုံသာမက မိမိတို့နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဉပဒေ၊ နည်းဉပဒေနှင့် လုပ်ထုံးလုပ်နည်းများကို  ရင်းနှီးမြှုပ်နှံသူများ နားလည်သဘောပေါက် စေရန်၊ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုရရန်နှင့် ရင်းနှီးမြှုပ်နှံသူများဖိတ်ခေါ်နိုင်ရေး ကြိုးပမ်း ကြရမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ခြင်း၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ခြင်းကို သိရှိနားလည်ရန်လိုအပ်ပါကြောင်း၊ ယနေ့မျှဝေဆွေးနွေးမည့် “ ရန်ကုန်တိုင်းဒေသကြီး၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများအား ဆန်းစစ်လေ့လာခြင်း” ခေါင်းစဉ်အရ မိမိတို့နိုင်ငံ၏ စီးပွားရေးအချက်အချာ ကျသည့် ရန်ကုန်အတွင်း နိုင်ငံ၏ထုတ်လုပ်နိုင်စွမ်းတိုးတက်စေရေးနှင့် နိုင်ငံ၏ စုစုပေါင်းပြည်တွင်း ထုတ်ကုန်(GDP) တိုးတက်စေရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား မည်ကဲ့သို့ဆွဲဆောင်နိုင်မည်၊ ရင်းနှီး မြှုပ်နှံမှုများကို မည်ကဲ့သို့ ဆောင်ရွက်နိုင်မည်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးကဏ္ဍများကို မည်ကဲ့သို့ မြှင့်တင်နိုင်မည်စသည့် အသိအမြင်များကိုရရှိစေမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွား ရေးတိုးတက်လာမှုနှင့်အတူ အုပ်ချုပ်ရေး၊ လူမှုရေးနှင့် နိုင်ငံတကာဆက်ဆံရေးအပါအဝင် အပြည်ပြည်ဆိုင်ရာ စီးပွားဆက်သွယ်ရေးဆိုင်ရာ အခန်းကဏ္ဍများကို ပိုမိုကျယ်ပြန့်စွာ သိရှိနားလည် နိုင်စေရန်နှင့်  ပါဝင်ဆွေးနွေးသွားကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲအခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုူနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဦး က ရန်ကုန်တိုင်းဒေသကြီး၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခြေအနေများ၊  စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအား ဆန်းစစ်လေ့လာဆောင်ရွက်ခြင်း ခေါင်းစဉ်ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသူများက ပြန်လည်မေးမြန်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ ကြပါသည်။ အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိများနှင့် အရာထမ်း / အမှုထမ်းများ Online အပါအဝင် စုစုပေါင်း ဝန်ထမ်းအင်အား (၁၀၀) ကျော် တက်ရောက်ကြပါသည်။