သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့်ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင် ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၁၅) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော် တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အဖွင့်အမှာစကားပြောကြားရာတွင် ဤဝန်ကြီးဌာနအနေဖြင့် အသိပညာမျှဝေဆွေးနွေးခြင်းအစီအစဉ်အား အပတ်စဉ် ဆောင်ရွက်ခဲ့သည်မှာ ယခုအခါ အပတ်စဉ် (၁၅) ထိရောက်ရှိခဲ့ပြီး ဖြစ်ပါကြောင်း၊ ခေါင်းစဉ်အားဖြင့် ၁၅ ခု ရှိပြီဖြစ်သည့်အတွက် မိမိတို့ဝန်ကြီးဌာနရှိ အရာထမ်း/ အမှုထမ်းများ အနေဖြင့် ဗဟုသုတများစွာ ရရှိထားကြမည်ဟု ယုံကြည်ပါကြောင်း၊ Knowledge Sharing Programme (KSP) အသိပညာ မျှဝေခြင်းကြောင့် တစ်ဦးသိရှိထားသည့် အကြောင်းအရာ များအား အများစုကို မျှဝေရခြင်း ဖြစ်သည့် အတွက် အများသိစေခြင်း၊ အထူးသဖြင့် ဘာသာရပ်ဆိုင်ရာခေါင်းစဉ်များကို မျှဝေပေးခြင်းကြောင့် ဝန်ကြီးဌာနရှိ အရာထမ်း/ အမှုထမ်းများအနေဖြင့် လုပ်ငန်းခွင်တွင် အမှားနည်းအောင်၊ လုပ်ငန်း ဆောင်ရွက်ရာတွင် အပေါင်းလက္ခဏာ (+) ဆောင်သည့်အတွက် (Capicity) ကောင်းအောင်၊ ဝန်ထမ်းတစ်ဦးစီ၏ အရည်အချင်း (Capability) တိုးတက်လာမှာ ဖြစ်သည့်အတွက် လုပ်နိုင် ကိုင်နိုင်စွမ်း၊ လုပ်တတ်ကိုင်တတ်လာအောင် ဖြည့်ဆည်းပေးခြင်း ရည်ရွယ်ချက်ဖြင့် Knowledge Sharing Programme (KSP) အသိပညာမျှဝေဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ပါကြောင်း၊

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမည့် ခေါင်းစဉ်၌ အခြေခံဖြစ်သည့်  အာဆီယံ ၁၀ နိုင်ငံဖွဲ့စည်းဖြစ်ပေါ်မှုနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေ များ မတူကွဲပြားမှုအကြောင်းအရာများကို  မိတ်ဆက်ရှင်းလင်းဆွေးနွေးပါသည်။

          ဆွေးနွေးပွဲအခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ရီရီထွေးက “အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများ ကို လေ့လာတင်ပြခြင်း”  ခေါင်းစဉ်ဖြင့် အသေးစိတ် ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသူများက ဆွေးနွေးမှုခေါင်းစဉ်နှင့် စပ်လျဉ်း၍ သိရှိလိုသည် များကို ပြန်လည်မေးမြန်းဆွေးနွေးခြင်း၊ ဖြည့်စွက်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိများနှင့် အရာထမ်း / အမှုထမ်းများ Online အပါအဝင် စုစုပေါင်း ဝန်ထမ်းအင်အား ၁၂၀ ကျော် တက်ရောက်ကြပါသည်။