သတင်းများ

၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာန၂ခုမှ ဝန်ထမ်း များ၏ သား၊ သမီး၊ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်၊ စာရေးကိရိယာများနှင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်နေ့ ၁၄၀၀နာရီတွင် နေပြည်တော်၊ ရုံးအမှတ် (၁)၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

          ပြည်ထောင်စုဝန်ကြီး အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံသည် ပညာရေးကို အားပေးသည့်နိုင်ငံဖြစ်ပြီး ပညာရေးဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပညာရေးစနစ် ထွန်ကားလာ စေရန်အတွက် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြား/ ကျောင်းနေနိုင်ရေး စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ပညာရေးကို ဦးစားပေးအနေဖြင့် ဆောင်ရွက်လျက်ရှိပြီး အမျိုးသားပညာရေးအဆင့်အတန်းမြင့်မား စေရန် အတွက် အနိမ့်ဆုံး (KG + 9) ပညာရေး ပြီးမြောက်စေရေးအစီအစဉ်၊ စက်မှုနှင့် သက်မွေး ပညာသင်ကျောင်းများ အစီအစဉ်၊ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း ၅၁ ကျောင်း Technical and Vocational Education and Training (TVET) အစီအစဉ်တို့ဖြင့် ပညာရေးမြှင့်တင်ရေး ဦးတည်ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော်၏ လူမှုရေးဦးတည်ချက် (ဃ) တွင် “ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍမြင့်တင်ရေး” ကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိဘများ အနေဖြင့်လည်း မိမိတို့၏ သား၊ သမီးများအား စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ရှိလာစေရန် ပြုစုပျိုးထောင်ပေးရမည်ဖြစ်ပါကြောင်း၊ ပြုစုပျိုးထောင်ပေးရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီပေးသည့်အနေဖြင့်  စာရေးကိရိယာများနှင့် ပညာသင်ထောက်ပံ့ ကြေးများကို တိုးမြှင့်ထောက်ပံ့ ပေးအပ်လျက်ရှိပါကြောင်း၊ သို့ပါ၍ မိဘများ အနေဖြင့် မိမိတို့၏ သား၊ သမီးများကို ပေါက်မြောက် ထူးချွန်သော သားကောင်း/ သမီးကောင်းများဖြစ်လာစေရန်နှင့် နိုင်ငံတော်အတွက် အားထားရသည့် လူကောင်းလူတော်များဖြစ်စေရန် စနစ်တကျ ပြုစုပျိုးထောင်သွားရန်လိုအပ်ပါကြောင်း၊ နိုင်ငံ တော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွင် မိဘ၊ ဆရာ၊ ကျောင်းသား ၃ ဦး ပူးပေါင်းပြီး ကြိုးစားအားထုတ်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားပါသည်။  

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာန ၂ ခုတို့မှ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ကျောင်းသား/ ကျောင်းသူများအား ထောက်ပံ့ကြေးနှင့် ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်၊ ခဲတံတို့အား ပေးအပ်ရာ ကျောင်းသားမိဘများကိုယ်စား ဌာနအလိုက်မှ ကျောင်းသားမိဘတစ်ဦးစီက လက်ခံရယူခဲ့သည်။

          ထို့နောက် ကျောင်းသားမိဘများကိုယ်စား ကျောင်းသားမိဘတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့ ပြည်ထာင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း/ အမှုထမ်းများ ကျောင်းသားမိဘများက လူကိုယ်တိုင်တက်ရောက်ခဲ့ကြပြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးရုံးများမှ အရာထမ်း/ အမှုထမ်း ဝန်ထမ်းမိဘများက Online ဖြင့် တက်ရောက်ခဲ့ပါသည်။

          ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာသင်ယူကြမည့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ် ဝင်တန်းများမှာ ပညာသင်ယူကြမည့် ကျောင်းသား/ ကျောင်းသူ ၂၀၀ ဦးရှိကြောင်း သိရှိရပါ သည်။