သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ယနေ့ နေ့လယ် ၁၄ ၀၀ နာရီတွင် ရန်ကုန်မြို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန စုပေါင်းခန်းမ၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် ပြည်သူကိုဝန်ဆောင်မှုပေးရသော ဌာနဖြစ်သည့်အတွက် ဌာန၏လုပ်ငန်းတာဝန်များအား စွမ်းဆောင် ရည်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မျှော်မှန်းချက်နှင့်အညီ ယခုဘဏ္ဍာနှစ်အတွင်း ဖွံ့ဖြိုးတိုးတက်ရန်အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပြည့်မီအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရေးအတွက် ဦးစားပေးလုပ်ငန်းများကို ပိုမိုဖိတ်ခေါ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဌာနရှိ Startup Center အနေဖြင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအား ရင်းနှီးမြှုပ်နှံသူများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းဖြစ်ပေါ်လာအောင်  ထိထိရောက်ရောက် ပြင်ဆင်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီမှတ်ပုံတင်ခြင်း ဆိုင်ရာကိစ္စရပ်များကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံဝန်ထမ်းနည်းဥပဒေများ၊ လုပ်ငန်းခွင်တွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို အလေးထား လိုက်နာရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် အဂတိ လိုက်စားမှု ကင်းရှင်းရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရှိ ဝန်ထမ်းများ၏ ရုံးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုပါသည်။

တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(ရုံချုပ်)နှင့် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတို့မှ အရာထမ်း၊အမှုထမ်းများ စုစုပေါင်းလူဦးရေ ၁၃၀ ခန့် တက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။